United Arab Emirates (UAE)နှင့် ဗြိတိန်တို့မှ ခေါင်းဆောင်များသည် ဆက်ဆံရေးခိုင်မာစေရန်နှင့် ပူးပေါင်းဆောင်ရွက်ရေးနယ်ပယ်များကို ရှာဖွေရန် ၉.၁၂.၂၀၂၄ ရက်နေ့ (တနင်္လာနေ့) တွင် တွေ့ဆုံခဲ့ကြကြောင်း UAE ၏ တရားဝင်သတင်းအေဂျင်စီ WAM မှ ထုတ်ပြန်ချက်အရသိရသည်။UAE သမ္မတ Sheikh Mohamad bin Zayed AI Nahyan နှင့် လာရောက်လည်ပတ်သော ဗြိတိသျှဝန်ကြီးချုပ် Keir Starmer တို့မှ နှစ်နိုင်ငံကြား သမိုင်းဝင်ဆက်ဆံရေးကို တည်ဆောက်ရာတွင် ပူးပေါင်းဆောင်ရွက်မှုပိုမိုခိုင်မာလာစေရန် ကတိကဝတ်များကို ထပ်မံအတည်ပြုခဲ့ကြောင်း WAM မှပြောကြားခဲ့သည်။WAM ၏အဆိုအရ ဆွေးနွေးပွဲတွင်ဒေသတွင်းနှင့်နိုင်ငံတကာအကျိုးစီးပွားများ အထူးသဖြင့်အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို ဆွေးနွေးခဲ့ကြောင်းသိရသည်။ နှစ်နိုင်ငံခေါင်းဆောင်များသည် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး၊လုံခြုံရေးနှင့်တည်ငြိမ်ရေးရရှိရန် ကြိုးပမ်းအားထုတ်မှုများကို ပံ့ပိုးကူညီရန် ၎င်းတို့နိုင်ငံများ၏ ကတိကဝတ်များအား အလေးပေးပြောကြားခဲ့ကြသည်။ UAE သမ္မတသည် တနင်္လာနေ့တွင်ဥရောပကော်မရှင်၏ ဥက္ကဌ Ursula von der Leyen နှင့် ဖုန်းမှတဆင့်ဆက်သွယ်ပြောကြားခဲ့ကြပြီး အရှေ့အလယ်ပိုင်း အထူးသဖြင့် ဆီးရီးယားတွင် နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများကို အာရုံစိုက်ရန်ပြောကြား ခဲ့ကြကြောင်း UAE သမ္မတရုံး၏ထုတ်ပြန်ချက်အရသိရသည်။ Sheikh Mohamed မှ ဆီးရီးယား၏ စည်းလုံးညီညွတ်မှု၊ အချုပ်အခြာအာဏာနှင့်နယ်မြေစိုးမိုးမှုအတွက် UAE ၏ ကတိကဝတ်ကိုထပ်မံအတည်ပြုခဲ့ပြီး နိုင်ငံအတွင်းလုံခြုံရေးနှင့် တည်ငြိမ်ရေးတို့ကိုအာမခံရန် အရေးကြီးကြောင်းအလေးပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။
Source : Xinhua
DOCA(ရန်ကုန်)