၂၀၂၄ ခုနှစ်၌ ကောက်ပဲသီးနှံတန်ချိန် သန်း ၇၀၀ ကျော် စံချိန်တင်ထွက်ရှိကြောင်း တရုတ်အစိုးရ ပြောကြား

Powered by Drupal

     တရုတ်နိုင်ငံ၏ ၂၀၂၄ ခုနှစ်အတွင်း ကောက်ပဲသီးနှံ ရိတ်သိမ်းထွက်ရှိမှုသည် ပထမဆုံး အကြိမ်အဖြစ် ဒေသသုံး အချိန်အတွယ်ဖြစ်သော ကျင်အလေးချိန် (jin) ၁.၄ ထရီလီယံ (တန်ချိန် ၇၀၆.၅ သန်းခန့်) ကို ကျော်လွန်လျက် စံချိန်အသစ်တင်နိုင်ခဲ့သည်ဟု အမျိုးသားစာရင်းအင်းဗျူရို (NBS) က ဒီဇင်ဘာ ၁၆ ရက်နေ့၌ ပြောဆိုခဲ့သည်။

    NBS ၏ နောက်ဆုံးထုတ်ပြန်သော စာရင်းများအရ တရုတ်နိုင်ငံ၏ ယခုနှစ် ကောက်ပဲသီးနှံ ထွက်ရှိမှု စုစုပေါင်းမှာ ကျင် အလေးချိန် ၁.၄၁၃ ထရီလီယံရှိပြီး ယခင်နှစ် ထုတ်လုပ်မှုထက် ၁.၆ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ နှစ်စဉ် ကောက်ပဲသီးနှံ ထွက်ရှိမှုသည် ၉ နှစ်ဆက်တိုက် တန်ချိန် သန်း ၆၅၀ ၏ အထက်တွင် ရှိနေခဲ့ပြီးနောက် ယခုပမာဏသည် ပထမဆုံးအကြိမ် တန်ချိန် သန်း ၇၀၀ အချိုးအကွေ့ကို ကျော်လွန်ခဲ့ခြင်းဖြစ်သည်။

     နွေသီးနှံရာသီ၌ ကောက်ပဲသီးနှံ စုစုပေါင်း ကျင် ၂၉၉.၇၈ ဘီလီယံထွက်ရှိခဲ့ရာ ယခင်နှစ် ကထက် ကျင် ၇.၄၈ ဘီလီယံ ပိုမိုလာခဲ့သည်။ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ခဲ့ရသော်လည်း ဆောင်းဦးရာသီ သီးနှံစိုက်ပျိုးမှု ဧရိယာမှာ ထိခိုက်မှု နည်းပါးခဲ့ပြီး ကောက်ပဲသီးနှံ အထွက်ပမာဏ သည် ယခင်နှစ်ကထက် ပိုမိုမြင့်မားခဲ့သည်။

     အခြေခံပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်မှုနှင့်အတူ အထွက်နှုန်းမြင့်မားသော ပြောင်းမျိုးများကို တိုးချဲ့စိုက်ပျိုးခြင်းက ဆောင်းဦးရာသီ ကောက်ပဲသီးနှံထုတ်လုပ်မှုကို မြှင့်တင်ပေးခဲ့ပြီး စုစုပေါင်း နှံစားသီးနှံအထွက်ပမာဏကို ယခင်နှစ်ကထက် ကျင် ၂၁.၇၁ ဘီလီယံ ပိုမိုလျက် ကျင် ၁.၃၀၄၆ ထရီလီယံသို့ ရောက်ရှိစေခဲ့သည်။ ဆန်၊ ဂျုံနှင့် ပြောင်း သီးနှံသုံးခုလုံး၌ အထွက်တိုးတက်ခဲ့ခြင်းဖြစ်သည်။

      ဆောင်းဦးရာသီ ကောက်ပဲသီးနှံထုတ်လုပ်မှုသည် ကျင် ၁.၀၅၆၈၇ ဘီလီယံ ထွက်ရှိခဲ့ပြီး ယခင်နှစ်ထက် ၁.၄ ရာခိုင်နှုန်း သို့မဟုတ် ကျင် ၁၅.၀၃ ဘီလီယံ ပိုမိုလာခဲ့သည်။ သီးနှံစိုက်ပျိုးမှု ဧရိယာနှင့် အထွက်နှုန်း နှစ်ရပ်လုံးတိုးတက်ခဲ့ခြင်းဖြစ်ပြီး တစ်နိုင်ငံလုံး ကောက်ပဲသီးနှံ စိုက်ပျိုးမှု သည် မူ (mu) ဧရိယာ ပမာဏအားဖြင့် ၁.၇၉ ဘီလီယံ (ဟက်တာပေါင်း ၁၁၉.၃ သန်းခန့်) ရှိကြောင်း၊ ယခင်နှစ်ထက် စိုက်ပျိုးမှုဧရိယာ မူ ၅.၂၅၈ ဘီလီယံ ပိုမိုတိုးတက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

    ယခုနှစ်တွင် တရုတ်နိုင်ငံအနေဖြင့် ကောက်ပဲသီးနှံရိတ်သိမ်းမှုအတွက် အစိုးရ၏ ရန်ပုံငွေ ထောက်ပံ့မှုကို တိုးမြှင့်ခဲ့ကြောင်း၊ ဂျုံနှင့်ဆန်တို့အတွက် အနိမ့်ဆုံးထားရှိဝယ်ယူသော ဈေးနှုန်းများ ကို တိုးမြှင့်ခဲ့ပြီး လယ်ယာမြေကာကွယ်ရေး အထောက်အပံ့ပေးမှုများကို တည်ငြိမ်စေခဲ့ကြောင်း၊ ထို့အပြင် လယ်သမားများအတွက် အခြားသော ထောက်ပံ့မှုများကိုလည်း တိုးမြှင့်ပေးခဲ့ကြောင်းဖြင့် NBS ဗျူရိုရှိ ကျေးလက်ဒေသဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး Wei Fenghua က ပြောကြားခဲ့သည်။

Source: Global Times, 16 Dec 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)