အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော လအနည်းငယ်အတွင်း သဘာဝရော်ဘာနှင့် ဓာတုရော်ဘာတို့အကြား ဈေးနှုန်းကွာဟချက် ကြီးမားလာပြီး စီးပွားရေးလုပ်ငန်းသုံး မော်တော်ယာဉ်များ ရောင်းချရမှု နှေးကွေးလာသဖြင့် ဓာတုရော်ဘာ သုံးစွဲမှုသည် ပိုမိုလျင်မြန်စွာ တိုးတက်လာကြောင်း Deccan Chronicle သတင်းဌာနက ဖော်ပြပါသည်။
အိန္ဒိယရော်ဘာကြီးကြပ်မှုအဖွဲ့၏ အချက်အလက်များအရ ယခုနှစ် ဧပြီလမှ ဩဂုတ်လ အတွင်း သဘာဝရော်ဘာ သုံးစွဲမှုသည် ၁ ရာခိုင်နှုန်းဖြင့် အနည်းငယ်ကျဆင်းခဲ့ပြီး မော်တော်ယာဉ် တာယာထုတ်လုပ်သူများ၏ အသုံးပြုမှုမှာ ၂ ရာခိုင်နှုန်းမျှသာ တိုးတက်ခဲ့ကြောင်း၊ သို့သော် အဆိုပါ ကာလအတွင်း ဓာတုရော်ဘာ သုံးစွဲမှုသည် ၁၁.၅ ရာခိုင်နှုန်းအထိ တိုးတက်လာပြီး မော်တော်ယာဉ် တာယာထုတ်လုပ်ရာ၌ အသုံးပြုမှုသည် ၁၃.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရှိရသည်။
၂၀၂၄ ခုနှစ် ပထမနှစ်ဝက်ကာလအတွင်း သဘာဝရော်ဘာဈေးနှုန်းများ မြင့်တက်လျက်ရှိ ချိန်၌ ဓာတုရော်ဘာ၏ အဓိကကုန်ကြမ်းပစ္စည်းဖြစ်သော ရေနံစိမ်းဈေးနှုန်းများမှာ ဆက်လက် ကျဆင်းနေခဲ့သည်။ ဧပြီလတွင် ဓာတုရော်ဘာ ၁ ကီလိုဂရမ်လျှင် ၁၇၃ ရူပီးနှုန်းရှိချိန်၌ သဘာဝ ရော်ဘာဈေးနှုန်းသည် ၁ ကီလိုဂရမ်လျှင် ၁၈၂.၂၉ ရူပီးနှုန်းဖြင့် ၉ ရူပီး ပိုမိုမြင့်မားလျက်ရှိခဲ့သည်။ ထိုကဲ့သို့ ၁ ကီလိုဂရမ်အပေါ် ဈေးနှုန်းကွာဟချက်သည် စက်တင်ဘာလ၌ ၃၈ ရူပီးအထိ မြင့်တက်ခဲ့ပြီး သဘာဝရော်ဘာနှင့် ဓာတုရော်ဘာတို့၏ ၁ ကီလိုဂရမ်ဈေးနှုန်းများမှာ ၂၂၉.၂၈ ရူပီးနှင့် ၁၉၁ ရူပီး အသီးသီးဖြစ်ပေါ်ခဲ့ကြသည်။
အိန္ဒိယနိုင်ငံရှိ မော်တော်ယာဉ်တာယာ ထုတ်လုပ်သူများအသင်းမှ ညွှန်ကြားရေးမှူးချုပ် Rajiv Budhiraja က ထိုကဲ့သို့ ဈေးနှုန်းခြားနားမှုသည် တာယာမဟုတ်သော ရော်ဘာပစ္စည်းထုတ် လုပ်သည့်လုပ်ငန်းများအကြား သုံးစွဲမှုကို တိုးတက်စေနိုင်သော်လည်း တာယာထုတ်လုပ်သည့် လုပ်ငန်းများအတွက်မူ ဓာတုရော်ဘာနှင့် သဘာဝရော်ဘာတို့၏ ဈေးနှုန်းကွာဟချက်အချိုးအား အတိုင်းအတာ တစ်ခုအတွင်း၌သာ ပြောင်းလဲမှုလုပ်ဆောင်နိုင်ကြောင်း၊ ပုဂ္ဂလိကသုံးယာဉ်နှင့် နှစ်ဘီးတပ်ယာဉ်များနှင့် နှိုင်းယှဉ်ပါက စီးပွားရေးလုပ်ငန်းသုံးမော်တော်ယာဉ်များနှင့် ထွန်စက်များ ရောင်းချရမှု နှေးကွေးလျက်ရှိခြင်းက ဓာတုရော်ဘာသုံးစွဲမှုကို ပိုမိုများပြားစေကြောင်း၊ တာယာ အစားထိုးလဲလှယ်မှု ဈေးကွက်တွင်လည်း အလားတူရောင်းအားနည်းပါးမှု ဖြစ်ပေါ်နေကြောင်းဖြင့် ပြောဆိုခဲ့သည်။
အိန္ဒိယနိုင်ငံ၌ ၂၀၂၄ ခုနှစ် ဧပြီလမှ စက်တင်ဘာလအတွင်း စီးပွားရေးလုပ်ငန်းသုံး မော်တော်ယာဉ်များ ရောင်းချရမှုမှာ ၄.၃ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ မော်တော်ယာဉ်တာယာများ ထုတ်လုပ်ရာ၌ သဘာဝရော်ဘာနှင့် ဓာတုရော်ဘာတို့ ပါဝင်သုံးပြုမှု ရာခိုင်နှုန်းများမှာ ကုန်တင် ယာဉ်များနှင့် ခရီးသည်တင်ယာဉ်ကြီးများ၌ တပ်ဆင်အသုံးပြုသောတာယာများအတွက် ၈၅ ရာခိုင် နှုန်းနှင့် ၁၅ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ထွန်စက်တာယာများတွင် ၆၇ ရာခိုင်နှုန်းနှင့် ၃၃ ရာခိုင်နှုန်း အချိုးအစားဖြင့်လည်းကောင်း၊ ပုဂ္ဂလိကသုံးယာဉ်များ၏ တာယာအတွက် ၅၅ ရာခိုင်နှုန်းနှင့် ၄၅ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ နှစ်ဘီးတပ် စကူတာယာဉ်များ၌ ၃၀ ရာခိုင်နှုန်းနှင့် ၇၀ ရာခိုင်နှုန်းဖြင့်လည်းကောင်း အသီးသီး သုံးစွဲမှုရှိကြောင်း သိရှိရသည်။
Source: Deccan Chronicle, 16 Dec 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)