ဒီဇင်ဘာလအတွင်း မိုးသည်းထန်မှုများကြောင့် မလေးရှား၏ စားအုန်းဆီ အထွက်ပမာဏ ကျဆင်း

Powered by Drupal

    ကမ္ဘာ့စားအုန်းဆီ ဒုတိယအများဆုံးထုတ်လုပ်သည့် မလေးရှားနိုင်ငံ၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စားအုန်းဆီထုတ်လုပ်မှုသည် ဒီဇင်ဘာတွင် ၄ လဆက်တိုက် ကျဆင်းမှုဖြစ်ပေါ်ခဲ့ကြောင်း အစိုးရအဖွဲ့အစည်းတစ်ရပ်ဖြစ်သော မလေးရှားစားအုန်းဆီဘုတ်အဖွဲ့ (MPOB) က ၁၃-၁၂-၂၀၂၄ ရက်နေ့တွင် ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

     မလေးရှား၏ စားအုန်းဆီအထွက်ကျဆင်းမှုက ပြည်တွင်း သိုလှောင်မှုလက်ကျန်ပမာဏကို လျော့ကျစေမည်ဖြစ်ပြီး နှစ်နှစ်ခွဲကျော်ကာလအတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်လုနီးပါးဖြစ်ပေါ် နေသော စားအုန်းဆီ ကြိုတင်အရောင်းဈေးနှုန်းများကို ပိုမိုမြင့်တက်စေဖွယ်ရှိသည်။

     MPOB အဖွဲ့၏ ညွှန်ကြားရေးမှူးချုပ် Ahmad Parveez Ghulam Kadir က ပုံမှန် အခြေ အနေတွင် စားအုန်းဆီကြမ်း (CPO) ထုတ်လုပ်မှုမှာ ၅ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းအထိ လျော့ကျနိုင် မည်ဟု ခန့်မှန်းထားကြောင်းနှင့် သို့ရာတွင် ပြင်းထန်သော ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပေါ် မည်ဆိုပါက ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ ထုတ်လုပ်မှုကျဆင်းနိုင်ကြောင်း ပြောဆိုပါသည်။

     ပန်နီဆူလာမလေးရှားကျွန်းဆွယ်တွင် အထူးသဖြင့် မလေးရှားနိုင်ငံ၏ အရှေ့မြောက်ဘက် ကမ်းရိုးတန်းနှင့် ထိုင်းနိုင်ငံတောင်ပိုင်းဒေသတို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံ မှုများ ဖြစ်ပွားခဲ့ရာ လူဒါဇင်နှင့်ချီသေဆုံးခဲ့ပြီး နေအိမ်များ၊ လမ်းပန်းဆက်သွယ်ရေးနှင့် စပါး စိုက်ခင်း ဧကထောင်ပေါင်းများစွာ ပျက်စီးခဲ့ရသည်။ မိုးရွာသွန်းမှုများသည် ခန့်မှန်းထားသည်ထက် ကျော်လွန်များပြားခဲ့ပြီး မလေးရှားနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းဒေသအချို့၌ နိုဝင်ဘာ ၂၆ ရက်မှ ၃၀ ရက်နေ့အတွင်း မိုးရွာသွန်းမှုသည် ၆ လစာ မိုးရေချိန်ရရှိမှုထက် ပိုမိုခဲ့သည်ဟု  မလေးရှား ဝန်ကြီးချုပ် Anwar Ibrahim က ပြောကြားခဲ့သည်။

     မလေးရှားနိုင်ငံ၏ စားအုန်းဆီကြမ်းထုတ်လုပ်မှုသည် နိုဝင်ဘာလတွင် တန်ချိန် ၁.၆၂ သန်း သာရှိခဲ့သည့်အတွက် အောက်တိုဘာလ၌ ထုတ်လုပ်နိုင်မှုအောက် ၉.၈ ရာခိုင်နှုန်းခန့်ကျဆင်းခဲ့ပြီး ၂၀၂၀ ပြည့်နှစ် နောက်ပိုင်းတွင် ထုတ်လုပ်မှုပမာဏ အနိမ့်ဆုံးလဖြစ်ကြောင်း MPOB က ယခု သီတင်းပတ် အစောပိုင်းတွင် ပြောကြားထားသည်။

    မလေးရှားမိုးလေဝသဌာနက ပြည်နယ်အချို့တွင် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်မှ ၁၉ ရက် အတွင်း မိုးအဆက်မပြတ် ရွာသွန်းနိုင်ကြောင်း ဒီဇင်ဘာလ ၁၃ ရက်နေ့၌ ခန့်မှန်းထားသည်။ ထိုကဲ့ သို့ မိုးသည်းထန်မှုကြောင့် ဒုတိယအကြိမ် ရေကြီးရေလျှံမှုဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းချက် ထုတ် ပြန်ထားမှုအပေါ် အခြေအနေကို အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း၊ မိုးသည်းထန်စွာ ရွာသွန်း မှုသည် လမ်းတံတားများကဲ့သို့ စိုက်ခင်းအခြေခံ အဆောက်အအုံများကို ပျက်စီးစေနိုင်ပြီး သီးနှံများ ရိတ်သိမ်းရခက်ခဲခြင်း၊ စိုက်ခင်းခြံများမှ ဆီကြိတ်စက်ရုံများအထိ သယ်ယူပို့ဆောင်ရေး ခက်ခဲခြင်း တို့ ဖြစ်ပေါ်စေနိုင်ကြောင်း Mr. Kadir က ပြောကြားသည်။

    မလေးရှားနိုင်ငံသည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် စားအုန်းဆီကြမ်း တန်ချိန် ၁.၅၅ သန်း ထုတ်လုပ်နိုင်ခဲ့သော်လည်း ယခုနှစ် ဒီဇင်ဘာလ ထုတ်လုပ်မှုမှာ ယခင်နှစ်အောက် များစွာကျဆင်းနိုင်သည်ဟု မလေးရှား စားအုန်းဆီထုတ်လုပ်သူတစ်ဦးက ပြောဆိုကြောင်း၊ စားအုန်းဆီသည် ပဲပုပ်ဆီနှင့် နေကြာဆီတို့ထက် နိမ့်ကျသောဈေးနှုန်းဖြင့် ရောင်းဝယ်လေ့ရှိသော်လည်း လက်ရှိ ကာလတွင် ထုတ်လုပ်မှုအကန့်အသတ်များကြောင့် အဆိုပါပြိုင်ဖက်ဆီများကို ကျော်လွန်လျက် ပရီမီယံဈေးနှုန်းအဆင့်သို့ ရောက်ရှိနေကြောင်း သတင်းရရှိပါသည်။

Source: Reuters, 13 Dec 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)