အိန္ဒိယ၏ ဆန်လက်ကျန် စံချိန်တင်မြင့်မားမှုက ပြည်ပသို့ ပိုမိုတင်ပို့မှုဖြစ်စေနိုင်

Powered by Drupal

    ကမ္ဘာ့အကြီးဆုံးဆန် တင်ပို့သူဖြစ်သည့် အိန္ဒိယနိုင်ငံတွင် ဆန်သိုလှောင်မှုလက်ကျန်သည် ဒီဇင်ဘာလဆန်းပိုင်း၌ အစိုးရ၏ လျာထားချက်ပမာဏထက် ၅ ဆကျော်မြင့်တက်လျက် အမြင့် ဆုံးသို့ စံချိန်တင်ရောက်ရှိခဲ့ရာ ပြည်ပသို့ ဆန်တင်ပို့မှု ပိုမိုအားကောင်းလာမည့် အခြေအနေရှိပါသည်။

     ကြိတ်ခွဲခြင်းမပြုရသေးသော စပါးများအပါအဝင် အစိုးရလက်ဝယ်၌ အရန်ဆန်သိုလှောင်ထားရှိမှုသည် ဒီဇင်ဘာ ၁ ရက်နေ့တွင် မက်ထရစ်တန်ချိန်  ၄၄ ဒသမ ၁ သန်းရှိပြီး အစိုးရ၏ လျာထားချက် တန်ချိန် ၇ ဒသမ ၆ သန်းထက် ကျော်လွန်လျက်ရှိကြောင်း အိန္ဒိယစားသောက်ကုန် ကော်ပိုရေးရှင်းမှ ပြုစုထားသည့် အချက်အလက်များအရ သိရှိရသည်။ ဒီဇင်ဘာ ၁ ရက်နေ့ရှိ ဂျုံလက်ကျန်ပမာဏသည်လည်း ရည်မှန်းထားသည့် တန်ချိန် ၁၃ ဒသမ ၈ သန်းကို ကျော်လွန်၍ တန်ချိန် ၂၂ ဒသမ ၃ သန်းရှိကြောင်း သိရပါသည်။

   ဆန်လက်ကျန်ပမာဏ မြင့်မားမှုသည် ပြည်တွင်းရောင်းလိုအားကို ထိခိုက်မှုမဖြစ်စေပဲ ဆန်တင်ပို့မှုကို မြှင့်တင်ခွင့်ရရှိစေမည်ဖြစ်သည်။ ယမန်နှစ်၌ မုတ်သုံမိုးရွာသွန်းမှု ပုံသဏ္ဌာန် မမှန် ခြင်းက အိန္ဒိယအစိုးရ အနေဖြင့် ဆန်အဆင့်အတန်းအားလုံးကို တင်ပို့မှုကန့်သတ်ရန် တွန်းအား ဖြစ်စေခဲ့သည်။ ယခုနှစ်၌ ဆန်စပါးအထွက်တိုးမည်ဟု မျှော်မှန်းထားရှိရာ ဆန်ကွဲမှအပ ဆန်အမျိုးအစား အားလုံးအပေါ် တင်ပို့မှုကန့်သတ်ချက်များအား ပြန်လည်ဖယ်ရှားခဲ့ခြင်းဖြစ်သည်။

    စပါးကျီများ၌ စပါးများပြည့်လျှံနေမှုနှင့်အတူ ယခုနှစ် နွေရာသီတွင် အိန္ဒိယလယ်သမားများအနေဖြင့် စပါးတန်ချိန် သန်း ၁၂၀ ကို စံချိန်တင် ရိတ်သိမ်းရရှိခဲ့ပြီး ၎င်းပမာဏသည် စုစုပေါင်း ထွက်ရှိမှု၏ ၈၅ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ သီးနှံအသစ်များ ဝင်ရောက်လာသည်နှင့်အမျှ အိန္ဒိယ စားသောက်ကုန် ကော်ပိုရေးရှင်း၏ အရန်သိုလှောင်မှုသည် လာမည့်လများအတွင်း ထပ်မံ တိုးမြင့်လာနိုင်ပြီး သိုလှောင်မှုဆိုင်ရာ အခက်အခဲများ များပြားလာနိုင်ကြောင်း သိရပါသည်။

    အိန္ဒိယစားသောက်ကုန်ကော်ပိုရေးရှင်းအနေဖြင့် ၂ဝ၂၃-၂၄ ခုနှစ် သီးနှံရာသီတွင် တောင်သူ များထံမှ ဆန်တန်ချိန် ၄၆ ဒသမ ၃ သန်းကို ဝယ်ယူသိုလှောင်ထားရှိခဲ့ပြီး အောက်တိုဘာ ၁ ရက် နေ့တွင် စတင်ခဲ့သည့် နွေရာသီ၌ စိုက်ပျိုးထွက်ရှိသောဆန်စပါးများ ‌ စျေးကွက်တင်ရောင်းဝယ်ရေး နှစ်အတွင်း ဆန်အသစ် မက်ထရစ်တန် ၄၈ ဒသမ ၅ သန်းကို ၀ယ်ယူဖွယ်ရှိကြောင်း၊ ယခုနှစ် မုတ်သုံမိုး ရွာသွန်းမှုများ ကောင်းမွန်မှုအရ တောင်သူများသည် စိုက်ပျိုးဧရိယာများကို တိုးချဲ့လာခဲ့ကြကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။

Source: Reuters, 13 Dec 2024 လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)