ကမ္ဘောဒီးယားနိုင်ငံ၏ အရှေ့ပိုင်းရှိ ပရီဗန်ပြည်နယ် (Prey Veng province) သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဒီဇင်ဘာလ ၁၄ ရက်နေ့အထိ တန်ဖိုးအားဖြင့် ၈၃၆၆၇၃၈၃၁ ဒေါ်လာရှိသော စပါး ၂၉၄၁၄၂၀ တန်ကို ဗီယက်နမ်နိုင်ငံသို့ တင်ပို့နိုင်ခဲ့သည်ဟု ကမ္ဘောဒီးယား လယ်ယာစိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်း ဝန်ကြီးဌာနက ပြောဆိုခဲ့သည်။
ဒီဇင်ဘာ ၂၃ ရက်နေ့တွင် ကျင်းပသော ၂၀၂၄-၂၅ ခုနှစ်အတွက် ခြောက်သွေ့ရာသီ ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှု အခမ်းအနား၌ အဆိုပါပြည်နယ်ရှိ စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်း ဦးစီး ဌာနမှ ညွှန်ကြားရေးမှူး Ouk Samnang က ယခုကဲ့သို့ တင်ပို့နိုင်မှုသည် စပါးစိုက်ဧရိယာ ဟက်တာ ၇၅၀၀၀ အစီအစဉ်မှ ၅၄.၂ ရာခိုင်နှုန်းအထိ တိုးတက်လာမှုကို ဖော်ပြလျက်ရှိကြောင်း၊ ယခင်နှစ်၌ စိုက်ပျိုးနိုင်မှုမှာ ၂၃၅၄၄ ဟက်တာသာ ရှိခဲ့ကြောင်း၊ ပရီဗန်ပြည်နယ် အနေဖြင့် စပါးနှင့် အခြားသီးနှံများစိုက်ပျိုးရန် ရေမြေရာသီဥတုကောင်းမွန်မှုရှိကြောင်း၊ နိုင်ငံတကာ စပါးစံချိန်စံညွှန်း (International Rice (IR) standard) ရှိသော စပါးအစို၏ ပျမ်းမျှဈေးနှုန်းသည် ၁ ကီလိုဂရမ်လျှင် ကမ္ဘောဒီးယားရီယယ်ငွေ ၁၀၄၀ နှုန်းရှိပြီး Oryza Mekongensis (OM) စံချိန်စံညွှန်းအဆင့် စပါး သည် ၁ ကီလိုဂရမ်လျှင် ရီယယ်ငွေ ၁၀၃၀ နှုန်းရှိကြောင်း ပြောကြားခဲ့သည်။
Mr. Samnang ၏ ပြောဆိုချက်အရ အဆိုပါပြည်နယ်အတွင်း ခရိုင်နှင့်မြို့နယ်များ အားလုံး၌ လယ်သမားများအနေဖြင့် ၁ နှစ်လျှင် စပါးသီးနှံကို ၂ ကြိမ်မှ ၃ ကြိမ်အထိ စိုက်ပျိုးနိုင်ပြီး စပါးအထွက်မြင့်မားကြောင်း၊ ထိုသို့ ပိုလျှံထွက်ရှိသော စပါးများကို Banteay Chakrei နှင့် Koh Roka နယ်စပ်ဂိတ် ၂ ခုမှတစ်ဆင့် ဗီယက်နမ်နိုင်ငံသို့ တင်ပို့ခြင်းဖြစ်ကြောင်း သိရှိရသည်။
Source: Khmer Times, 27 Dec 2024