ကမ္ဘောဒီးယားနိုင်ငံတွင် စပါးစတင်ရိတ်သိမ်းချိန်ကာလ၌ ဗီယက်နမ်ကုန်သည်များဘက်မှ ကုန်အဝယ် အမှာစာများ လျှော့ချမှုကြောင့် စပါးဈေးနှုန်းများကျဆင်းပြီး စိုက်ပျိုးသူများအတွက် ငွေကြေးဆုံးရှုံးမှုများ ဖြစ်ရသည်ဟု ကမ္ဘောဒီးယား လယ်သမားများက အပြစ်တင်ပြောဆိုလျက်ရှိ ကြောင်း Cambodianess အင်တာနက်သတင်းစာမျက်နှာက ဖော်ပြပါသည်။
ကမ္ဘောဒီးယား ဆန်စပါးအသင်းချုပ်၏ မူဝါဒရေးရာကောင်စီ ဥက္ကဋ္ဌ Hun Lak က ဗီယက်နမ်နိုင်ငံ၌ နှစ်သစ်ကူးပွဲတော်ကာလ မတိုင်မီတွင် ကုန်သည်များသည် အလုပ်အားလပ်ရက် အနားယူလေ့ရှိသဖြင့် ပုံမှန်အားဖြင့် အမှာစာများ ကျဆင်းလေ့ရှိကြောင်း၊ ဗီယက်နမ်၏ စပါး ဝယ်ယူမှုသည် ယခင်နှစ်ကာလနှင့် နှိုင်းယှဉ်ပါက လျော့နည်းလျက်ရှိကြောင်း၊ ၎င်းတို့အနေဖြင့် ဈေးကွက်အခြေအနေကို အခြေပြုလျက် ဝယ်ယူသည့်ပမာဏကို အတိုးအလျော့ လုပ်ကိုင်နေခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဗီယက်နမ်ကုန်သည်များလက်ဝယ်၌ စပါးသိုလှောင်ထားရှိမှုပိုလျှံနေခြင်းက ကမ္ဘောဒီးယား လယ်သမားများအတွက် ဈေးနှုန်းကျဆင်းမှုကို ဖြစ်ပေါ်စေလျက်ရှိသည်။ Phka Rumduol နှင့် Sen Kro Ob (SKO) တို့ ကဲ့သို့သော ကမ္ဘောဒီးယား၏ မဟာဗျူဟာမြောက် စပါးမျိုးများ၏ ဈေးနှုန်းများ မှာမူ တည်ငြိမ်လျက်ရှိသည်။ သို့သော် ဗီယက်နမ်သို့ အဓိကတင်ပို့ရောင်းချသည့် OM နှင့် ER ကဲ့သို့ သော နိုင်ငံခြားစပါးမျိုးများ၏ ဈေးနှုန်းများမှာ ဗီယက်နမ်ကုန်သည်များ၏ ဈေးနှုန်းများကို အဆုံး အဖြတ်ပေးမှုအရ သိသာစွာ ကျဆင်းမှုဖြစ်ပေါ်နေခြင်းဖြစ်သည်။
ကမ္ဘောဒီးယား စိုက်ပျိုးရေးဝန်ကြီးဌာနနှင့် ဆန်စပါးအသင်းချုပ်တို့က တောင်သူများ အနေ ဖြင့် ဆန်စက်များသို့ မြင့်မားသောဈေးနှုန်းဖြင့် စပါးဝယ်ယူရောင်းချမှု သဘောတူစာချုပ်များ ချုပ်ဆိုနိုင်ရန်နှင့် အထောက်အပံ့များကို ရယူနိုင်ရန်အတွက် နိုင်ငံ၏ မဟာဗျူဟာ၌ ပါဝင်လျက်ရှိ သော စပါးမျိုးများအား စိုက်ပျိုးကြရန် ထပ်တလဲလဲ တိုက်တွန်းပြောဆိုလျက်ရှိခဲ့သည်။
ဗီယက်နမ်မှ OM စပါးမျိုးကို ရယူစိုက်ပျိုးလုပ်ကိုင်သည့် Svay Rieng ပြည်နယ်မှ တောင်သူ တစ်ဦးဖြစ်သူ Lanh Tha ကမူ အစိုးရကတွန်းအားပေးလျက်ရှိသော စပါးမျိုးများအား စိုက်ပျိုးရန်မှာ ၎င်းတို့အတွက် အခက်အခဲရှိကြောင်း၊ ထိုကဲ့သို့သော တန်ဖိုးကြီး စပါးမျိုးများအား စိုက်ပျိုးမှုမှာ ရိတ်သိမ်းရရှိရန် အချိန်ကြာမြင့်မှုရှိပြီး OM စပါးမျိုးကဲ့သို့ အထွက်နှုန်း မြင့်မားမှု မရှိကြောင်း၊ Phka Rumduol စပါးမျိုးအား တစ်နှစ်လျှင်တစ်ကြိမ်သာ စိုက်ပျိုးနိုင်မှုရှိပြီး OM စပါးမျိုးမှာမူ တစ်နှစ်တာ ကာလအတွင်း နှစ်ကြိမ်မှသုံးကြိမ်အထိ စိုက်ပျိုးနိုင်ကြောင်း၊ ယခင်နှစ်၌ Phka Rumduol စပါး ၁ ကီလိုဂရမ်လျှင် ရီယယ်ငွေ ၁၀၂၀ မှ ၁၀၅၀ အတွင်းသာ ဈေးရရှိချိန်တွင် OM စပါး ၁ ကီလိုဂရမ်၏ ဈေးနှုန်းမှာ ၁၁၂၀ ရီယယ်ရရှိခဲ့ကြောင်း၊ သို့ဖြစ်ရာ လယ်သမားများ အနေဖြင့် OM စပါးမျိုးကို ပြောင်းလဲ စိုက်ပျိုးခဲ့ကြခြင်းဖြစ်ကြောင်းဖြင့် ပြောဆိုခဲ့သည်။
Takeo ပြည်နယ်မှ အမည်မဖော်လိုသော အခြားလယ်သမားတစ်ဦးကလည်း OM နှင့် ER စပါးမျိုးများသည် အထွက်နှုန်းမြင့်မားမှုရှိပြီး ဗီယက်နမ်ဘက်မှ ဈေးကွက်ဝယ်လိုအားရှိမှုအရ ၎င်း တို့အနေဖြင့် စိုက်ပျိုးခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
အဆိုပါလယ်သမားများ၏ ပြောဆိုမှုအရ OM နှင့် ER စပါးနှစ်မျိုး၏ ဈေးနှုန်းများသည် ယခင်နှစ်၌ အတက်အကျ သိသာစွာပြောင်းလဲခြင်း မရှိခဲ့ကြောင်း၊ လက်ရှိကာလတွင်မူ ၁ ကီလို ဂရမ်လျှင် ၇၀၀ ရီယယ် (၀.၁၇၅ ဒေါ်လာ) မှ ၇၅၀ ရီယယ် (၀.၁၈ ဒေါ်လာ) အကြား ဈေးနှုန်းဖြစ် ပေါ်လျက်ရှိကြောင်း သိရှိရသည်။
စပါးဈေးနှုန်း နိမ့်ကျမှုကြောင့် စိတ်အနှောင့်အယှက်ဖြစ်ပေါ်လျက်ရှိသည့် လယ်သမားများ သည် ဈေးနှုန်းများ ထပ်မံ၍ ကျဆင်းမှုမရှိအောင် စိုက်ပျိုးရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဌာနများ က ကြားဝင်ဆောင်ရွက်ပေးရန် တောင်းဆိုလျက်ရှိကြသည်။
ကမ္ဘောဒီးယား စိုက်ပျိုးရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Im Rachna က ဝန်ကြီးဌာန အနေဖြင့် ဈေးနှုန်းများ ကျဆင်းလျက်ရှိသည်ကို သိရှိနားလည်ပါကြောင်း၊ သို့သော် တစ်နှစ်တာ ကာလအတွင်း အကြိမ်ကြိမ် စိုက်ပျိုးရိတ်သိမ်းရရှိနိုင်သည့် SKO စပါးမျိုးအား ရွေးချယ်စိုက်ပျိုးရန် တောင်သူများသို့ ဆက်လက်အကြံပြုလိုကြောင်း၊ အစိုးရက ထောက်ခံအကြံပြုထားသည့် စပါးမျိုး များအား နည်းစနစ်တကျစိုက်ပျိုးပါက ထုတ်လုပ်မှုကုန်ကျစရိတ် လျှော့ချနိုင်မည်ဖြစ်ပြီး မြင့်မား သော အထွက်နှုန်းနှင့် ဈေးနှုန်းများကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံ၏ ဆန်စပါးမျိုးများ အား နိုင်ငံတကာ၌ အမည်ကောင်းရရှိမှု ဂုဏ်သတင်းကိုလည်း မြှင့်တင်နိုင်မည်ဖြစ်ကြောင်း ပြော ကြားခဲ့သည်။
ကမ္ဘောဒီးယား၏ Sen Kro Ob 01 စပါးသည် ခြောက်သွေ့ရာသီ၌ စိုက်ပျိုးနိုင်သော ဆန်မွှေး အမျိုးအစားဖြစ်ပြီး ဆန်လုံးသွယ်လျက် နူးညံ့၍ရနံ့မွှေးသော ပရီမီယံဆန်မွှေးနှင့် အလားသဏ္ဌာန် တူကြောင်း၊ ၂၀၂၃ ခုနှစ် နှောင်းပိုင်း၊ တရုတ်နိုင်ငံ၌ ကျင်းပခဲ့သော ပထမအကြိမ် တရုတ်-အာဆီယံ အရည်အသွေးမြင့် အင်ဒီကာဆန်မျိုးများ၏ အရသာအရည်အသွေး သုံးသပ်အကဲဖြတ်ပြိုင်ပွဲတွင် SKO 01 ဆန်သည် ရွှေတံဆိပ်ရရှိခဲ့ပြီး ကမ္ဘောဒီးယား ပြည်တွင်းနှင့် နိုင်ငံတကာ ဈေးကွက်နှစ်ရပ် လုံး၌ ကျော်ကြားမှုရှိကြောင်း သိရှိရသည်။
Source: Canbodianess, 10 Jan 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)