ထိုင်းနိုင်ငံထံမှ သကာရည်နှင့် ကြိုတင်ရောစပ်ထားသော သကြားအမှုန့် တင်ပို့မှုများအပေါ် ချမှတ်ထားသော တင်သွင်းမှုပိတ်ပင်ခြင်းအား ရုပ်သိမ်းရန်အတွက် စေ့စပ်ညှိနှိုင်းမှုများ မပြုလုပ်မီ စက်ရုံဒါဇင်များစွာကို စစ်ဆေးရန် တရုတ်အာဏာပိုင်များအနေဖြင့် ထိုင်းနိုင်ငံဘက်သို့ တောင်းဆို ထားသည်ဟု ထိုင်းအစိုးရ တာဝန်ရှိသူများက ပြောကြားထားသည်။
ဆွေးနွေးမှုများမစတင်မီ ထိုင်းသကြားစက်ရုံ ၇၈ ခုကို ပြန်လည်သုံးသပ်ရန် တရုတ်နိုင်ငံမှ တောင်းဆိုခဲ့မှုအရ စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC) အနေဖြင့် စစ်ဆေးမှုစံနှုန်းများအား ပိုမိုတင်းကျပ် စေလိုကြောင်းဖြင့် ထိုင်းစက်မှုဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် Virit Viseshsindh က ပြောကြားခဲ့ခြင်းဖြစ်သည်။
ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုကုမ္ပဏီဖြစ်သည့် Czarnikow ၏ အဆိုအရ ကမ္ဘာ့ ဒုတိယအကြီးဆုံး သကြားတင်ပို့သည့်နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံသည် ယခင်နှစ်၌ သကာရည်တန် ပေါင်း ၁.၂ သန်းကျော် တင်ပို့မှုနှင့်အတူ တရုတ်နိုင်ငံသို့ အဓိက သကာရည် ထောက်ပံ့ပေးသည့် နိုင်ငံဖြစ်ခဲ့ကြောင်း သိရှိရသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ၌ ထိုင်းနိုင်ငံမှ သကာရည်နှင့် သကြားအမှုန့် ကြိုတင်ရောစပ်ထား သော အခြားအစားအစာ ပါဝင်ပစ္စည်းများ တင်သွင်းမှုအား တရုတ်နိုင်ငံက ရပ်ဆိုင်းခဲ့ရခြင်းမှာ ကုန်ထုတ်စက်ရုံများ၏ ကျန်းမာသန့်ရှင်းမှုနှင့်ပတ်သက်၍ စိုးရိမ်ဖွယ်ရှိသည့်အတွက်ဖြစ်ကြောင်း၊ ထိုင်းအာဏာပိုင်များအနေဖြင့် ထိုသို့တင်သွင်းမှု ရပ်ဆိုင်းထားခြင်းကို အဆုံးသတ်ရန်အတွက် စေ့စပ်ညှိနှိုင်းရန် ဆန္ဒရှိကြောင်း နိုင်ငံခြားကုန်သွယ်မှုဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် Arada Fuangtong က ပြောကြားခဲ့သည်။
Citi သုတေသနလုပ်ငန်းမှ ဆန်းစစ်လေ့လာသူဖြစ်သည့် Arkady Gevorkyan ၏ အဆိုအရ လက်ရှိအချိန်တွင် ထိုင်းနိုင်ငံထံမှ သကာရည်တင်သွင်းမှု အများဆုံးနိုင်ငံဖြစ်သော တရုတ်နိုင်ငံ၏ ပိတ်ပင်မှုသည် ဘတ်ငွေ သန်း ၄၀၀ ခန့် တန်ဖိုးရှိသည့် ထိုင်းနိုင်ငံမှ သကာရည်နှင့် သကြား ကြိုတင်ရောစပ်ထားသော ထုတ်ကုန်ပစ္စည်းများကို သင်္ဘောများပေါ်တွင် ကျန်ရှိနေမှုကို ဖြစ်ပေါ် စေလျက်ရှိကြောင်း သိရှိရသည်။
သကာရည်တင်သွင်းမှု ပိတ်ပင်ခြင်းသည် အရေးပါသော မဲပေးသည့်အုပ်စုဖြစ်သည့် ထိုင်း နိုင်ငံရှိ ကြံစိုက်တောင်သူများ၏ ထုတ်ကုန်များနှင့်ပတ်သက်၍ ဈေးနှုန်းရရှိမှုအပေါ် ဖိအားဖြစ်ပေါ် မည်ကို ထိုင်းအာဏာပိုင်များက စိုးရိမ်ပူပန်လျက်ရှိကြောင်း၊ လမ်းကြောင်းပြောင်းလဲ တင်ပို့ရန် လိုအပ်နိုင်သော သကြားပမာဏသည် သိသာထင်ရှားသည့် ပမာဏရှိပြီး အဆိုပါကိစ္စသည် ICE exchange စတော့ဈေးကွက်၌ ၃ နှစ်အတွင်း ဈေးနှုန်း အနိမ့်ဆုံးသို့ ရောက်ရှိနေသည့် သကြားဖြူ ကြိုတင်ရောင်းဝယ်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ သကြားဈေးနှုန်းများအပေါ် ကြီးမားစွာ ဝန်ပိစေနိုင် ကြောင်းဖြင့် ထိုင်းသကြားလုပ်ငန်းနယ်ပယ်မှ လုပ်ငန်းရှင်တစ်ဦးကလည်း ပြောဆိုထားသည်။
Czarnikow ကုမ္ပဏီမှ ဆန်းစစ်လေ့လာသူ Rosa Li အနေဖြင့် ထိုင်းကုန်ထုတ်စက်ရုံများနှင့် တရုတ်နိုင်ငံမှ တင်သွင်းသူများအနေဖြင့် နောက်ဆုံး၌ အဆိုပါကိစ္စရပ်ကို ဖြေရှင်းရန်နှင့် တားမြစ် ချက်ကို ရုပ်သိမ်းရန် လုပ်ဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း၊ သို့သော်လည်း အဆိုပါ လုပ်ငန်းစဉ် အချိန်မည်မျှကြာမြင့်မည်ကို စောင့်ကြည့်ရန် ကျန်ရှိနေသေးကြောင်း သိရှိရသည်။
Source: Bangkok Post, 16 January, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)