ဥရောပသမဂ္ဂ (EU) ၏ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဆိုင်ရာ ညွှန်ကြားချက် (RED II) ၌ ပါရှိသော ဖော်ပြချက်အချို့သည် အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီ တင်ပို့မှုအပေါ် တရားမျှတမှုမရှိပဲ ခွဲခြားဆက်ဆံခြင်း ပြုရာရောက်သည်ဟု ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) က စီရင်ဆုံးဖြတ်ခဲ့ပြီး နောက် ၎င်း၏ ဇီဝလောင်စာမူဝါဒများကို ပြန်လည်ပြင်ဆင်ရန် စီစဉ်နေသည်ဟု EU က ကြေညာ ချက် ထုတ်ပြန်ခဲ့သည်။
၂၀၂၅ ခုနှစ် ဇန်န၀ါရီ ၁၀ ရက်နေ့၌ ထုတ်ပြန်သည့် အဆိုပါ WTO ၏ စီရင်ချက်သည် ဇီဝ လောင်စာဆီကုန်သွယ်မှု ကန့်သတ်ချက်များနှင့်ပတ်သက်၍ EU နှင့် ကာလကြာရှည်အငြင်းပွားမှု တွင် အင်ဒိုနီးရှားနိုင်ငံအတွက် အဓိကကျသော အောင်ပွဲတစ်ရပ်အဖြစ် ရှုမြင်နိုင်ကြောင်း Jakarta Globe သတင်းဌာနက ဖော်ပြထားသည်။
ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရည်မှန်းချက် ပန်းတိုင်များကို လိုက်နာဆောင် ရွက်ရန် EU ၏အခွင့်အရေးအပေါ် ထောက်ခံထားသော်လည်း RED II အကောင်အထည်ဖော်မှုတွင် အားနည်းချက်များရှိနေသည်ကို WTO က ဖော်ထုတ်ခဲ့သည်။ အထူးသဖြင့် စားအုန်းဆီအား သွယ် ဝိုက် မြေယာအသုံးပြုမှု ပြောင်းလဲခြင်းအတွက် အန္တရာယ်မြင့်မားသော အရင်းအမြစ်အဖြစ် သတ် မှတ်ထားသည့် EU ၏ အက်ဥပဒေသည် နိုင်ငံတကာ ကုန်သွယ်မှု စည်းမျဉ်းများနှင့် ကိုက်ညီမှု မရှိကြောင်း တွေ့ရှိခဲ့သည်။ စားအုန်းဆီအခြေခံသည့် ဇီဝလောင်စာများကို ချန်လှပ်၍ မုန်ညှင်းဆီ နှင့် ပဲပုပ်ဆီ တို့ကို အစားထိုးရွေးချယ်ပြီး အခွန်ကောက်ခံမှုဆိုင်ရာ သက်သာခွင့်ပေးအပ်ထားသည့် ပြင်သစ်နိုင်ငံ အခွန်စည်းကြပ်မှုသည်လည်း ခွဲခြားဆက်ဆံမှုအဖြစ် မှတ်ယူထားသည်။
WTO ၏ ဇန်နဝါရီ ၁၀ ရက်နေ့ ထုတ်ပြန်ချက်တွင် EU အနေဖြင့် ၎င်း၏မူဝါဒများကို WTO ၏ သဘောတူညီချက်များပါ တာဝန်များနှင့်အညီ ချိန်ညှိဆောင်ရွက်ရေး ကတိပြုထားကြောင်း ဖော်ပြထားသည်။ EU သည် ၎င်း၏ စည်းမျဉ်းမူဘောင် တစ်စိတ်တစ်ပိုင်းအဖြစ် ပြန်လည်သုံးသပ် နေပြီး စီရင်ချက်အပေါ် အယူခံဝင်ခြင်းမရှိပါက အဆိုပါ ပြုပြင်ပြောင်းလဲမှုများမှာ ရက်ပေါင်း ၆၀ အတွင်း အပြီးသတ်နိုင်မည်ဟု မျှော်လင့်ရကြောင်း သိရှိရသည်။
ဥရောပ၌ ထုတ်လုပ်သော ဇီဝလောင်စာများကို အကျိုးပြုနေချိန်တွင် ဥရောပသမဂ္ဂ၏ RED II ညွှန်ကြားချက်မူဘောင်သည် စားအုန်းဆီအပေါ် မျှတမှုမရှိပဲ ပစ်မှတ်ထားသည်ဟု ကမ္ဘာ့ စားအုန်းဆီ အများဆုံးထုတ်လုပ်သည့် အင်ဒိုနီးရှားက စောဒကတက်ခဲ့သည်။ WTO ၏ ဆုံးဖြတ် ချက်သည် မကြာသေးမီက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာအထိ ရွှေ့ဆိုင်းခဲ့သည့် ဥရောပသမဂ္ဂ သစ်တော ပြုန်းတီးမှုစည်းမျဉ်း (EUDR) အပါအဝင် ဥရောပသမဂ္ဂ၏ မူဝါဒများနှင့်ပတ်သက်၍ ကျယ်ပြန့် သော အငြင်းပွားမှုများတွင် အင်ဒိုနီးရှားနိုင်ငံ၏ ရပ်တည်ချက်ကို ခိုင်မာစေပါသည်။
ဤအောင်ပွဲသည် အင်ဒိုနီးရှားအနေဖြင့် ခွဲခြားဆက်ဆံမှုဆိုင်ရာ ကျင့်ထုံးများကို တိုက်ဖျက် အနိုင်ရနိုင်သည်ကို သက်သေပြကြောင်း၊ ယခုကဲ့သို့ WTO ၏ထုတ်ပြန်ချက်က စားအုန်းဆီ အခြေခံ သည့် ဇီဝဒီဇယ်၏ တရားဝင်မှုကို အလေးပေးဖော်ပြကြောင်း အင်ဒိုနီးရှား စီးပွားရေးရာဝန်ကြီး Mr. Airlangga Hartarto က ဂျကာတာတွင် ပြောကြားခဲ့သည်။
စားအုန်းဆီသည် ဇီဝဒီဇယ်အသုံးပြုမှုအတွက် အန္တရာယ်ရှိမှုမြင့်မားပြီး အန္တရာယ်နည်းပါး သည့် ဇီဝလောင်စာထုတ်လုပ်မှုအတွက် အရည်အသွေးအသိအမှတ်ပြု စစ်ဆေးမှုလုပ်ငန်းစဉ်တွင် အားနည်းချက်များ ရှိနေသည်ဟု EU ၏ ပြောဆိုချက်သည် အချက်အလက်များကို ကောင်းစွာ အကဲဖြတ်ရန် ပျက်ကွက်ခြင်းဖြစ်ကြောင်း WTO က ဝေဖန်သုံးသပ်ထားသည်။ အဆိုပါ တွေ့ရှိချက် က အထူးသဖြင့် အင်ဒိုနီးရှားနိုင်ငံရှိ စားအုန်းဆီလုပ်ငန်း၌ ၄၁ ရာခိုင်နှုန်းအထိ ပါဝင်လျက်ရှိသော လုပ်ကွက်ငယ် တောင်သူများ၏ ပို့ကုန်အပေါ် တရားမျှတစွာ ဆက်ဆံမှုရှိစေရန် အင်ဒိုနီးရှား၏ ကြိုးပမ်းအားထုတ်မှုများကို အားကောင်းစေသည်။
Mr. Airlangga က အဆိုပါ စီရင်ချက်သည် နောက်ထပ် ခွဲခြားဆက်ဆံမှုများကို တားဆီးရန် အတွက် အဓိကစားအုန်းဆီတင်ပို့သည့် မလေးရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်း စေမည့် အခွင့်အလမ်းဟု ခေါ်ဆိုခဲ့သည်။ ထို့အပြင် ရပ်တန့်လျက်ရှိသော အင်ဒိုနီးရှား-အီးယူ ဘက်စုံစီးပွားရေး မိတ်ဖက်ဆောင်ရွက်မှု သဘောတူညီချက်ဆိုင်ရာ စေ့စပ်ညှိနှိုင်းမှု အပါအဝင် ကုန်သွယ်မှုပြဿနာများအား ဖြေရှင်းမှုလမ်းကြောင်းကို ရှင်းလင်းစေသည်ဟု ၎င်းက ပြောကြားခဲ့ သည်။
၂၀၁၉ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံမှ စတင် တင်သွင်းခဲ့သော အဆိုပါ အငြင်းပွားမှုသည် ကုန်သွယ်ရေးဖြေလျှော့မှုနှင့် သဘာဝပတ်ဝန်းကျင်ကာကွယ်မှုတို့ကြား အားပြိုင်မှုကို နိုင်ငံတကာ က အာရုံစိုက်လာစေခဲ့သည်။ မလေးရှားမှ တင်သွင်းသည့် အပြိုင်အမှုသည် ၂၀၂၄ ခုနှစ်၊ ဧပြီလတွင် အလားတူ WTO စီရင်ချက်ကို ဖြစ်ပေါ်စေခဲ့ပြီး ၎င်း၏မူဝါဒများကို ပြန်လည်ပြင်ဆင်ရန် အီးယူအား ထပ်မံဖိအားပေးခဲ့သည်။
Source: Jakarta Globe , 17th Jan 2025 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)