ဧရာဝတီတိုင်းဒေသကြီးအတွင်းစက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးမှတ်ပုံတင်ခွင့်ပြုရန်လုပ် ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

Powered by Drupal

           ဧရာဝတီတိုင်းဒေသကြီးအတွင်း စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိကစက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဌ ဧရာဝတီတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေး ရေးဦးစီးဌာန တိုင်းဦးစီးမှူးဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာနအပါအဝင် အဖွဲ့ဝင်ဌာနဆိုင်ရာများပါဝင်၍ စက်မှုလုပ်ငန်းများမှတ်ပုံတင်ခွင့်ပြုရန် ၁/၂၀၂၅ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ဇန်နဝါရီလ ၂၂ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

          ပုဂ္ဂလိကစက်မှုလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဥက္ကဌမှ တိုင်းအတွင်း ကွင်းဆင်းစစ်ဆေးပြီးသော ပုဂ္ဂလိကစက်မှုလုပ်ငန်းမှတ်ပုံတင်ရန် လျှောက်ထားလာသည့် အငယ်စားစက်မှုလုပ်ငန်း ၅၀ခုအား ပုဂ္ဂလိကစက်မှုလုပ်ငန်းဥပဒေ ပုဒ်မ (၂)ပုဒ်မခွဲ (က)နှင့်ပုဒ်မ(၄)ပုဒ်မခွဲ (က)နှင့်အညီ အဖွဲ့ဝင်ဌာနများမှ မှတ်ပုံတင်ခွင့်ပြုရန် ထောက်ခံမှသာစက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေး ဦးစီးဌာနရုံးချုပ်သို့ ဆက်လက်တင်ပေးသွားမှာဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။

            အဖွဲ့ဝင်ဌာနဆိုင်ရာများမှလည်း ပုသိမ်၊လပွတ္တာ၊မော်ကျွန်း၊ငပုတော၊ကျုံပျော်၊ ဝါးခယ်မ၊ မြောင်းမြ၊ကန်ကြီးထောင့်၊အိမ်မဲ၊ပန်းတနော်မြို့နယ်များမှတင်ပြလာသော အငယ်စားစက်မှု လုပ်ငန်း ၅၀ ခုမှာသက်ဆိုင်ရာဌာနများဖြစ်သော မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၊စည်ပင်၊ မီးသတ်၊ကျန်းမာရေး၊ လျှပ်စစ်၊ ပတ်ဝန်းကျင်၊ သစ်တောဦးစီးဌာနမှ အထောက်အထားများ ပြည့်စုံစွာ တင်ပြလာမှုအပေါ် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနရုံးချုပ်သို့ ဆက်လက် တင်ပြရန်နှင့်ပုဂ္ဂလိကစက်မှုမှတ်ပုံတင်ခွင့်ပြုရန်ထောက်ခံခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)