![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/11_76.jpg?itok=3FJm0AnQ)
မန္တလေးဈေးကွက်အတွင်းသို့ ခရမ်းချဉ်သီး၊ ရှမ်းသီး၊ ထိုင်ဝမ်သီး၊ ဗမာသီးများ မျိုးစုံစွာ ဝင်ရောက်လျှက်ရှိပါသည်။ ယခင်က ခရမ်းချဉ်သီး( အင်းသီး)နှင့် ထိုင်ဝမ်သီးတို့ကို ရှမ်းပြည်နယ်နှင့် ပြင်ဦးလွင်တို့မှ ဝင်ရောက်လျှက်ရှိပြီး ယခုအခါ မန္တလေးတိုင်းတွင်းဒေသထွက် ဗမာခရမ်းချဉ်သီး (ခေါ်) ကိုင်းသီးများနှင့် ထိုင်ဝမ်ခရမ်းချဉ်သီးများ အများအပြား ဝင်ရောက်လျှက်ရှိပါသည်။ ကျောက်ဆည်ဒေသထွက် ဗမာခရမ်းချဉ်သီးများမှာ သီးသန့်စိုက်ပျိုးခြင်းမဟုတ်ပဲ ကြက်သွန်မျိုး စေ့ပျိုးထောင်စဉ် အချိန်က ခရမ်းချဉ်မျိုးစေ့များ ရောနှော၍ သီးညှပ်စိုက်ပျိုးခဲ့ခြင်း ဖြစ်ပါသည်။ ကြက်သွန်ပျိုးပင်များကို နုတ်၍ ရွှေ့ပြောင်းစိုက်ပျိုးပြီးသည့်အခါ ခရမ်းချဉ်သီးစိုက်ခင်းအဖြစ် ကျန်ရှိခဲ့ခြင်းဖြစ်ပါသည်။ ၎င်းဗမာခရမ်းချဉ်သီးများ ယခုအခါ လှိုင်လှိုင်ထွက်ပေါ်လျှက်ရှိပါသည်။ ဒေသအတွင်း ထိုင်ဝမ်ခရမ်းချဉ်သီးမျိုးများကိုလည်း စီးပွားဖြစ်စိုက်ပျိုးလာခြင်းကြောင့် ယခုရာသီ တွင် ဗမာခရမ်းချဉ်သီးနှင့် ထိုင်ဝမ်ခရမ်းချဉ်သီးများ အပြိုင်ထွက်ပေါ်လာခြင်းဖြစ်ပါသည်။ ဈေးကွက် အတွင်း၌ ခရမ်းချဉ်သီးများ အနယ်နယ်အရပ်ရပ်မှ အများအပြားဝင်ရောက်လျှက်ရှိခြင်းကြောင့် ခရမ်းချဉ်သီးဈေးနှုန်းများ သိသိသာသာကျဆင်းလျှက်ရှိပါသည်။ ဒီဇင်ဘာလအတွင်း၌ ခရမ်းချဉ်သီး တစ်ပိဿာလျှင်(၆၀၀၀/၈၀၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျှက်ရှိခဲ့ရာမှ ဇန်နဝါရီလအတွင်း ၌(၃၀၀၀/၄၀၀၀)ကျပ်၊ ယခု ဖေဖော်ဝါရီလ ဒုတိယအပတ်တွင် မည်သည့်ခရမ်းချဉ်သီး အမျိုးအစား မဆို အလုံးအကြီးအသေးပေါ်မူတည်၍ တစ်ပိဿာလျှင် (၁၅၀၀/၂၀၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းချလျှက်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။
DOCA(မန္တလေး)