
၁၉.၂.၂၀၂၅
မန္တလေးမြို့နေပြည်သူများသည် ရာသီစာသီးနှံများကို နှစ်သက်စွာစားသုံးကြပါသည်။ ယခုလတ်တလော ရာသီစာအနေနှင့်မြေနုကျွန်းများတွင် စိုက်ပျိုးသည့် ပဲစိမ်း(ခေါ်)ထောပတ်ပဲ အရောများကို အပင်အောက်ချေသီးညှပ်များကို ခူးဆွတ်ကာရောင်းချကြပါသည်။ ထိုကဲ့သို့ သီးထပ်များခူးဆွတ်ရခြင်းမှာ ပင်ခြေရှိအသီးနှင့်ပင်ဖျားရှိအသီးများ ရင့်မှည့်ချိန်ကိုက်ညီစေရန် အတွက်ခူးဆွတ်ရောင်းချခြင်းဖြစ်ပါသည်။ တောင်သူများအနေနှင့်ပဲသီးတောင့်များကို ရောင်းဝယ် မှုပြုရာတွင် ၄ပြည်ဝင် ခံတောင်းတတောင်းလျှင် ၄၅၀၀ကျပ်မှ၅၀၀၀ကျပ်နှုန်းဖြင့် ရောင်းဝယ်ပြီး လက္ကားရောင်းသူများအနေနှင့် အသီးတောင့်မှအစေ့ခြွေ၍ ပြည်ချိန်(သို့မဟုတ်)နို့ဆီဘူးချိန် များနှင့်ချိန်တွယ်၍ရောင်းချကြပါသည်။ ဈေးနှုန်းဈေးကွက်အနေနှင့် ၁ပြည်လျှင် ၃၀၀၀ကျပ်မှ ၃၃၀၀ကျပ်၊ နို့ဆီ၁ဘူးလျှင်၅၀၀ကျပ်တို့နှင့်ရောင်းဝယ်မှုရှိကြောင်း အတောင့်၄ပြည်ဝင် ၁တောင်း အစေ့ခြွေပါက ၂ပြည်ကျော် ရရှိပါသည်။ ကုန်စည်ဝင်ရောက်မှုအနေနှင့် အမရပူရ၊ မတ္တရာ၊ ပုသိမ်ကြီးမြို့နယ်များမှ ဝင်ရောက်မှုရှိကြောင်း လေ့လာသိရှိရပါသည်။
DOCA(မန္တလေး)