အရောင်းသွက်သည့်ပြောင်း

Powered by Drupal

      မန္တလေးစျေးကွက်သို့  ဖေဖော်ဝါရီလတတိယပတ်အတွင်း အစေ့ထုတ်ပြောင်းသီးနှံအများ အပြားဝင်ရောက်လျက်ရှိပါတယ်။မန္တလေးတိုင်းဒေသကြီးအတွင်းစိုက်ပျိုးသည့်အစေ့ထုတ်ပြောင်း (ထိုင်ဝမ်)မျိုးနှင့် ရှမ်းပြောင်းမျိုးတို့အပြင်   စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှလည်း ဝင်ရောက်ကြောင်း သိရပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄ - ၂၀၂၅ ခုနှစ်တွင် အစေ့ ထုတ်ပြောင်းစိုက်ပျိုးမှု  ၃၆၆၂၂ ဧက၊ရိတ်သိမ်းမှု ၁၃၃၃၁ ဧက၊ အထွက်နှုန်း ၄၉.၅၅ တင်း၊အထွက် တင်း စုစုပေါင်း ၆၆၀၅၉၁တင်းဖြစ်ကြောင်း သိရပါတယ်။ မန္တလေး ပွဲစား၊ ကုန်သည် စက်ပိုင်များ မဟာကထိန် တော်အသင်းတွင် ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလတတိယပတ်အတွင်းဖြစ်ပေါ်သည့်အစေ့ ထုတ်ပြောင်းစျေးမှာ ၃တင်းဝင်တစ်အိတ်လျင်ပြောင်းဖူးစေ့(ဗမာ)၈၂၀၀၀ကျပ်၊ပြောင်းဖူးစေ့(ရှမ်း)  ၈၅၀၀၀ ကျပ်၊ပြောင်းဖူးစေ့(စီပီ) ၈၄၀၀၀ကျပ်၊အထွက်တိုးပြောင်း အနီ ၇၆၀၀၀ ကျပ်နှင့် ၇၇၀၀၀ ကျပ်၊ပြောင်းဖူးစေ့တစ်ပိဿာစျေးအနေဖြင့် (ဗမာ) ၁၅၁၉ကျပ်၊(ရှမ်း)၁၅၇၄ကျပ်၊(စီပီ)၁၅၅၆ကျပ်၊ အထွက်တိုးပြောင်းနီ ၁၄၃၄ ကျပ်နှင့် ၁၄၅၃ကျပ်စျေးဖြစ်ပေါ်လျက်ရှိကြောင်း သိရပါတယ်။ ယခင် နှစ်ကာလတူ ပြောင်းဖူးစေ့တစ်ပိဿာပေါက်စျေးမှာ (ဗမာ) ၉၄၄ ကျပ်နှင့် ၉၆၃ ကျပ်၊(ရှမ်း) ၉၈၁ ကျပ်နှင့်၁၀၀၀ ကျပ်၊(စီပီ) ၉၈၁ ကျပ်နှင့်၁၀၀၀ကျပ်၊အထွက်တိုးပြောင်းနီ ၁၄၇၂ကျပ်ဖြစ်ပေါ်ခဲ့ပြီး၊ ယခုနှစ်စေျးနှင့် ယခင်နှစ်စျေးနှိုင်းယှဉ်ပါက  တစ်ပိဿာလျှင်  ၅၅၆ ကျပ်ခန့် စျေးပိုမိုရရှိကြောင်း သိရပါတယ်။ ပြောင်းသီးနှံမှာမွေးမြူရေးအစားစပ်လုပ်ငန်းတွင် သုံးစွဲမှုများပြားခြင်း၊ ပြည်ပတင်ပို့ ခြင်းတို့ကြောင့် မန္တလေးစျေးကွက်တွင် အရောင်းသွက်သည့် ကုန်စည်ဖြစ်ကြောင်း သိရပါတယ်။ မန္တလေးစျေးကွက်အတွင်းသို့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ ၂၆ ရက်မှ ဖေဖော်ဝါရီလ ၁၉ ရက်နေ့အထိ ပြောင်းကား( ၂၂ဘီး/ ၁၂ဘီး/ ၆ဘီး) ဝင်ရောက်မှုမှာ  ၂၂၂၅ စီး၊ ပြောင်း  ၄၇၁၀၉တန်ဖြစ်ကြောင်း (၁၆)မိုင်၊ထုံးဘိုဂိတ်ဖြတ်စာရင်းများအရ  သိရပါတယ်။

DOCA(မန္တလေး)