
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကန့်ဘလူ မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှာ စားဖိုဆောင်သီးနှံ ဖြစ်သည့် ခရမ်းသီးများကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး ကန့်ဘလူမြို့မဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။
ခရမ်းသီးသည် ရာသီအရွေး စိုက်ပျိုးနိုင်သော သီးနှံပင်တစ်မျိုးဖြစ်ပြီး၊ ခရမ်းသီးကို နှပ်စားခြင်း၊ ခရမ်းသီးကိုမီးဖုတ်ပြီး ဖုတ်သုပ်ကြော်ကြော်စားခြင်း၊ ခရမ်းသီးကင်ပေါင်းကြော်စားခြင်း၊ ခရမ်းသီးကိုပြုတ် ပြီး ပဲငပိချက်၊ ငပိချက်တို့နှင့်တို့စားခြင်း၊ ပဲသီး၊ ခဝဲသီးတို့နှင့်ရောနှောချက်စားခြင်းတို့ဖြစ်ပြီး ခရမ်းသီးကို အစိုစားသောက်အသုံးပြုယုံသာမက အခြောက်လှမ်းထားပြီး နွေရာသီ သီးနှံရှားပါးချိန်တွင် ဆူးပုတ်ရွက် မျှစ်ခြောက်တို့နှင့် ချက်စားကြပါသည်။
ယခု ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ တိယပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ ခရမ်းသီး ဈေးနှုန်းများမှာ ခရမ်းသီး(ဓေါပတ်သီး) တစ်ပိဿာလျှင်(၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၅၀၀)ကျပ် နှင့် ခရမ်းသီး(အညို)တစ်ပိဿာလျှင်(၁၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့ မြို့မဈေး၌ ကုန်စိမ်း သီးနှံမျိုးစုံ ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)