ဒေသမရွေးစိုက်ပျိုးလျက်ရှိသည့် မုန်ညင်းထုပ်

Powered by Drupal

မုန်ညင်းထုပ်ကို  မြန်မာပြည်တွင် ဒေသမရွေး စိုက်ပျိုးနိုင်သော်လည်း ရှမ်းပြည်နယ်တွင် သင့်တော်သောရာသီဥတုရှိခြင်းကြောင့် စိုက်ပျိုးမှုများပါသည်။

မုန်ညင်းထုပ်သည် ဂေါ်ဖီမျိုးရင်းထဲပါဝင်ပြီး ပုံသဏ္ဍာန်အားဖြင့် အရှည်မျိုးနှင့်အပုမျိုးရှိကာ သက်ရင့်မျိုး၊ သက်လတ်မျိုးနှင့် သက်ကြီးမျိုးဟူ၍ သက်တမ်း(၃)မျိုးခွဲခြားနိုင်သည်။ မုန်ညင်းထုပ်ကို ပျိုးမထောင်ဘဲ မျိုးစေ့မှ တိုက်ရိုက်စိုက်ပျိုးခြင်းက ပိုကောင်းသဖြင့် မျိုးစေ့(၁၀)စေ့ခန့်ချ၍ မြေနှင့်ပါး ပါးဖုံးပြီးစိုက်ရသည်။ သက်လျင်အတန်းအကွာအဝေး(၂)ပေ အပင်အကွာအဝေး(၁.၅)ပေ၊ သက်ကြီး မျိုးအတန်းအကွာအဝေး(၂)ပေခွဲ၊ အပင်အကွာအဝေး(၁.၈)ပေ၊ သက်လတ်မျိုး၏ အပင်အကွာအဝေးမှာ သက်ကြီး သက်လတ်ကြားတွင်ဖြစ်သည်။ ရာသီဥတုပူပြင်းလျှင် အစေ့ချထားသောနေရာကို ကောက်ရိုး နှင့်ပါးပါးအုပ်ထားရပြီး အပင်ပေါက်လာမှ ဖယ်ရှားပေးရသည်။ စိုက်ပြီး(၂၅)ရက်အကြာတွင် ပေါင်းလိုက် မြေဆွပေးခြင်းများပြုလုပ်ကာ မုန်ညင်းထုပ်များ ကျစ်၍မာလာလျှင် စတင်ရိတ်သိမ်းရမည်။ ကြာမြင့်စွာ စိုက်ခင်းတွင် ဆက်လက်ထားရှိက အထုပ်ကွဲလာခြင်း၊ ပုပ်သွားခြင်းဖြစ်စေနိုင်ပြီး အကာအကွယ်ရစေ ရန် အောက်ဆုံးအရွက်(၃)ရွက်ချန်ထား၍ ခူးဆွတ်ရမည်။  

တစ်နှစ်ပတ်လုံးမိုးရေချိန်သင့်တင့်စွာ ရွာသွန်းသောဒေသတို့တွင် မုန်ညင်းထုပ်ကို တစ်နှစ် ပတ်လုံးစိုက်ပျိုးနိုင်သည်။ တစ်ဧကလျှင် မျိုးစေ့နှုန်းထား (၁၀၀-၂၀၀) ဂရမ်နှုန်း အသုံးပြုပေးရပါသည်။ အထွက်နှုန်းအနေဖြင့်လည်း တစ်ဧကလျှင် (၅၀၀၀-၇၀၀၀)ပိဿာ ထွက်ရှိပြီး ဈေးကွက်ထဲ၌ မုန်ညင်း ထုပ်(၁)ထုပ်လျှင် (၅၀၀ - ၈၀၀)ကျပ်အထိရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(ရှမ်း)