
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်သည် ကြက်သွန်နီသီးနှံကို အဓိကသီးနှံအဖြစ် နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး မြို့ပေါ်ရှိ ကြက်သွန်နီကုန်စည်ဒိုင်ဈေးကွက်တွင် နေ့စဉ်အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ၂၀၂၅ ခုနှစ်၊ မတ်လ (ပထမပတ်)တွင် နွေကြက်သွန်နီပင်စိုက်များဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ စိုက်ပျိုးမှုများသော ရွာသစ်ရပ်ကွက်နှင့် ကိုးတောင့်၊ ရေလယ်ကျွန်း၊ ပဒေသာကျွန်း၊ အောက်ဆိပ်ကျေးရွာများမှ အများဆုံးဝင်ရောက်ပြီး တစ်ရက်လျှင် ကြက်သွန်နီ ပျမ်းမျှ ကုန်ချိန်ပိဿာ (၅)သောင်းခန့် ဝင်ရောက်ကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှ သိရှိရသည်။
ဈေးနှုန်းအနေဖြင့် ၂၀၂၅ ခုနှစ်၊ မတ်လ(ပထမပတ်)တွင် အရောင်းအဝယ်ဖြစ်သော ကြက်သွန်နီဈေးနှုန်းမှာ သီးနှံအရည်အသွေးလိုက်၍ တောဈေး(ဂျွန်) တစ်ပိဿာလျှင် အမြင့်ဈေးကျပ် (၁၇၀၀-၁၅၀၀-၁၂၀၀)ဈေးအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခင်ဖေဖော်ဝါရီလ (စတုတ္ထပတ်)တွင် တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၂၂၀၀-၁၉၀၀-၁၅၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ပြီး၊ တစ်ပတ်အတွင်း ဈေးနှုန်းနှိုင်းယှဉ်ပါက ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ်(၅၀၀)ခန့် ဈေးကျဆင်းပြီး အရောင်း အဝယ်ဖြစ်ကြောင်း၊ ဆိပ်ဖြူမြို့ ပတ္တမြားဈေးအတွင်း အရောင်းအဝယ်ဖြစ်သော လက်လီဈေးနှုန်းမှာ အရည်အသွေး၊ အရွယ်အစားလိုက်၍ တစ်ပိဿာလျှင် ကျပ်(၃၀၀၀-၂၅၀၀-၁၅၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။
ဈေးကွက်အနေဖြင့် ဆိပ်ဖြူဒေသထွက် ကြက်သွန်နီများကို ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ ကုန်ချိန်အများဆုံးတင်ပို့ပြီး ပြည်ပပို့ကုန်အဖြစ် မြဝတီ၊ မော်လမြိုင်မြို့များမှတစ်ဆင့် ထိုင်း၊ ဗီယက်နမ်နိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း၊ မတ်လ(ပထမပတ်)တွင် နွေကြက်သွန်နီ ကုန်ချိန်ပိဿာ(၂)သိန်းခွဲခန့်၊ တန်ချိန်အားဖြင့် (၄၀၈)တန်ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ဈေးကွက်မှ သိရှိရပါသည်။
DOCA(မကွေး)