
တောင်ငူမြို့ ညောင်ပင်ဈေးတွင် ရာသီပေါ်ခဝဲသီးများဈေးကောင်းရနေပါသည်။ တောင်ငူ မြို့တွင် စစ်တောင်းမြစ်နှင့် ခပေါင်းချောင်းများ တည်ရှိသဖြင့် မြစ်၊ ချောင်း ကမ်းနဘေးရှိ ကျေးရွာ များတွင် ဟင်းသီးဟင်းရွက်များတစ်ပိုင်တစ်နိုင်စိုက်ပျိုးကြပါသည်။
ယင်းမြစ်၊ ချောင်း ကမ်းနားများရှိ ဟင်းသီးဟင်းရွက်စိုက်ပျိုးသူ တောင်သူများသည် ၎င်းတို့ အခင်းများမှထွက်ရှိသော ဟင်းသီးဟင်းရွက်များအား အများအားဖြင့် တောင်ငူမြို့ ညောင်ပင်ဈေးသို့ လာရောက်၍ ရောင်းချခြင်း၊ ဖောက်သည်သွင်းခြင်းများအား ပြုလုပ်ကြပါသည်။ ထို့ကြောင့် တောင်ငူမြို့ရှိ ညောင်ပင်ဈေးသည် ကုန်စိမ်းဈေးအဖြစ် ဒေသအတွင်းနာမည် ကျော်ကြားပါသည်။
တောင်ငူမြို့ ညောင်ပင်ဈေးတွင် ဒေသအတွင်းမှ ထွက်ရှိသောရာသီပေါ် ခဝဲသီးများမှာ ဈေးကောင်းရလျှက်ရှိပါသည်။ ခဝဲသီးအား ကြက်ဥနှင့်ကြော်စားပါကအလွန်အရသာရှိသော ဟင်း တစ်ခွက်ဖြစ်ပါသည်။ ထို့ပြင်ခဝဲသီးဟင်းချိုအဖြစ်လည်း ချက်စား၍ရသလို လုံးချက် ချက်စားပြီး ငပိထောင်းနှင့်တွဲဖက်ပါက ယခုလို စိုစွတ်စွတ်မိုးရာသီတွင် ခံတွင်းမြိန်သော ဟင်းလျာတစ်မျိုးဖြစ် ပါသည်။
ခဝဲသီး ဈေးနှုန်းအနေဖြင့်ဇွန်လအစောပိုင်းတွင် အတော်အသင့်သာကြီးသော ခဝဲသီး (၃) တောင့်ပါ တစ်စည်း လျှင် (၁၀၀၀)ကျပ် ဖြင့် ရောင်းချပေးနေပြီး ယခုဇွန်လဒုတိယပတ်မှစ၍ တစ်စည်းလျှင် (၅၀၀) ကျပ်ဖြင့် ဈေးနှုန်းကျဆင်းသွားကြောင်း ညောင်ပင်ဈေးရှိ ဟင်းသီးဟင်းရွက် ရောင်းချသူ တစ်ဦးထံမှ လေ့လာသိရှိခဲ့ပါသည်။
DOCA(ပဲခူး)