“ခေတ်မီနို့ချက်လုပ်ငန်းအစမြဘုရင်နို့ချက်လုပ်ငန်းက”

Powered by Drupal

   မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်ပြီး ဆန်စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ သစ်သီးဝလံ၊ဟင်းသီးဟင်းရွက်စသည့် သီးနှံများအား အလွယ်တကူ စိုက်ပျိုးဖြစ်ထွန်းသည့် နိုင်ငံဖြစ်သည့်အလျှောက် စိုက်ပျိုးရေးလုပ်ငန်းများနှင့်အတူ မွေးမြူရေးလုပ်ငန်းများအား ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိပါသည်။၄င်းမွေးမြူရေးလုပ်ငန်းမှထွက်ရှိသည့်ကုန်ကြမ်းပစ္စည်းများအားအသုံးပြု၍ ပြည်ပမှသွင်းကုန်များကိုအသုံးပြုခြင်းမရှိဘဲ ပြည်တွင်းထွက်ကုန်ပစ္စည်းများဖြင့် စက်ရုံ ၊ အလုပ်ရုံ များနိုင်ငံအတွင်းလည်ပတ်လျက်ရှိရာ ကျောက်ဆည်ခရိုင် ၊ ကျောက်ဆည်မြို့နယ် ၊ ရဲစုရပ်ကွက်ရှိ မြဘုရင်နို့ချက်လုပ်ငန်းမှာလည်း တစ်ခုအပါအဝင်ဖြစ်ပါသည် ။ ၄င်းလုပ်ငန်းအား ၁၉၈၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ယင်းအချိန်တွင် စက်မှုလုပ်ငန်းများဖွံ့ဖြိုးမှုမရှိသေးသည့်အတွက် နို့ဆီ ချက်လုပ်ရာတွင် ကန်များအတွင်း နွားနို့များအား အပူပေးပြီး လူအင်အားကိုအသုံးပြု၍ သစ်သား ယောင်းမများဖြင့်မွှေပြီး ချက်လုပ်သော ဒေသရိုးရာနည်းစနစ်ဖြင့် နို့ချက်ခဲ့ကြောင်းသိရှိရပါသည် ။ နှစ်ပေါင်းကြာလာပြီး ၁၉၈၉ ခုနှစ်မှစ၍ ယခုအချိန်အထိ နည်းပညာများ တိုးတက်လာသည့် ခေတ်တွင် လူအင်အားကိုအသုံးပြုပြီး ထုတ်လုပ်မှုအစား ခေတ်မီစက်ပစ္စည်းများကို အသုံးပြုလာခဲ့ ကြပြီး နို့ထွက်ပစ္စည်းများဖြစ်‌သော နို့ဆီ ၊ နို့မှုန့် ၊ နို့စိမ်းများအား ထုတ်လုပ်လျက်ရှိကြောင်း သိရှိ ရပါသည် ။ ထိုသို့ ထုတ်လုပ်ရန်အတွက် ကုန်ကြမ်းအဖြစ် နွားနို့ ၊ သကြားများကို အသုံးပြုရပါသည် ။ နွားနို့အား ကျောက်ဆည်၊မြစ်သား၊စဉ့်ကိုင်နှင့်တံတားဦးမြို့နယ်များရှိ နွားမွေးမြူသည့် တောင်သူများ ထံမှငွေကြိုပေး၍သော်လည်းကောင်း၊ တိုက်ရိုက်သော်လည်းကောင်း ဝယ်ယူရရှိသလို စက်ရုံအတွင်း ၌လည်းနို့ စားနွားအကောင်(၄၀၀)ခန့်မွေးမြူပြီး ၄င်းတို့ထံမှလည်းနို့ကုန်ကြမ်းရရှိပါသည်။ ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာစက်မှုဇုံရှိ နွားမွေးမြူရေးခြံများမှ နွားနို့များအားဝယ်ယူပြီး မြဘုရင် နို့ချက်စက်ရုံပိုင် မုံရွာစက်ရုံ၌ နို့ဆီအကျဲချက်ပြီး ကျောက်ဆည်ရှိ ပင်မနို့ချက်စက်ရုံသို့ပို့ကာ နို့ဆီများ ကိုထုတ်လုပ်လျက်ရှိပါသည်။ တောင်သူများထံမှ နွားနို့အား တစ်ပိဿာလျှင်(၂၇၀၀/-)ကျပ်စျေးဖြင့် ဝယ်ယူလျက်ရှိပြီး စက်ရုံလည်ပတ်မှုအနေဖြင့် တစ်ရက်လျှင် နွားနို့ပိဿာ(၄၀၀၀၀)ခန့် ချက်လုပ် နိုင်သော်လည်း နို့ကုန်ကြမ်းပုံမှန်မရရှိခြင်း၊ စျေးကွက်ရှာဖွေရခြင်းတို့ကြောင့် ပုံမှန်အားဖြင့် တစ်ရက် လျှင်စက်ရုံ၌ နွားနို့ပိဿာချိန်(၂၀၀၀၀-၂၅၀၀၀)ခန့် ချက်လုပ်လျက်ရှိပါသည်။ ၄င်းမှ နို့ဆီကုန်ချော အနေဖြင့်နို့ဆီအခဲ(၆၄၀၀)ပိဿာ ထွက်ရှိပြီး နို့မှုန့်၊ နို့စိမ်း၊နို့ချဉ်များလည်း ထုတ်လုပ်လျက်ရှိပါသည်။   

    နွားမွေးမြူ‌ရေးလုပ်ငန်းများတွင် စက်တင်ဘာ ၊ အောက်တိုဘာ ၊ နိုဝင်ဘာ နှင့် ဒီဇင်ဘာလများတွင် နွားနို့များအထွက်နည်းသည့်အတွက် ၄င်းလများတွင် နွားနို့အစား စက်ရုံ၌ ထုတ်လုပ်ထားပြီးသိုလှောင်ထားရှိသည့်နို့မှုန့်များအားပြန်လည်အသုံးပြုလျက်ရှိပါသည်။ယခင်က၄င်းနို့မှုန့်အားပြည်ပမှ မှာယူတင်သွင်းပြီး ယခုအခါတွင် မိမိစက်ရုံ၌ထွက်သော နို့မှုန့်အားပြန်လည် အသုံးပြုနိုင်သလို သကြားအား မြဘုရင်နို့ချက်လုပ်ငန်းမှ ပိုင်ဆိုင်သော ရှမ်းပြည်နယ် ၊ ရွှေညောင်ရှိ တောင်လေးလုံး သကြားစက်ရုံမှ ရရှိသည့်အတွက် ပြည်ပမှသွင်းကုန်များအား အစားထိုးထုပ်လုပ်နိုင်ခဲ့ပါသည်။

  စျေးနှုန်းအနေဖြင့် နို့ဆီခဲ(၁)ပိဿာလျှင် (၁၀၀၀၀/-)ကျပ် ၊ နို့မှုန့်(၁၅)ဂရမ်အထုတ်(၂၀)ပါ တစ်ထုတ် လျှင်(၆၇၀၀/-)ကျပ်၊နို့ဆီ(၃၉၀)ဂရမ်တစ်ဗူးလျှင်(၃၉၀၀/-)ကျပ်ဖြင့်ရောင်းချလျက်ရှိပြီးစစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရန်ကုန်နှင့်မန္တလေးတိုင်းဒေသကြီးများသို့ အဓိကထားပြီး ဖြန့်ဖြူးရောင်းချ လျက်ရှိပါသည်။မြဘုရင်နို့ချက်စက်ရုံ၌ ဝန်ထမ်း‌ပေါင်း (၁၈၅)ယောက်ဖြင့် လည်ပတ်လျက်ရှိပြီး ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများအား ဖြည့်ဆည်းပေးလျက်ရှိပါသည် ။ မြဘုရင်နို့ချက် လုပ်ငန်းကဲ့သို့ နိုင်ငံအတွင်း ပြည်တွင်းကုန်ထုတ်လုပ်မှုများကို လုံလောက်စွာဆောင်ရွက်နိုင်မည်ဆို ပါက ဝယ်လိုအားနှင့်ရောင်းလိုအား မျှတလာမည်ဖြစ်ပြီး ကုန်စျေးနှုန်းကြီးမြင့်မှုကိုလည်းလျော့ချ နိုင်မည်ဖြစ်ပါသည် ။ ပြည်ပအစားထိုး သွင်းကုန်များအား မိမိနိုင်ငံအတွင်း၌ အရည်အသွေးမီ ထုတ်လုပ်ခြင်းမှသည် ပြည်ပသို့တင်ပို့နိုင်မည်ဆိုပါက နိုင်ငံခြားဝင်ငွေများရရှိပြီး နိုင်ငံ၏စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူဖြစ်လာမည်ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါ သည်။

DOCA(မန္တလေး)