“ရမည်းသင်းမြို့၏ ဒေသထွက်တို့ဟူး’’

Powered by Drupal

ရမည်းသင်းမြို့နယ်မှထွက်ရှိသော တို့ဟူးသည် ဒေသထွက်ကုန်တစ်ရပ်အနေဖြင့် အထင်ကရရှိ သော စားသောက်ကုန်တစ်မျိုးဖြစ်ပါသည်။ ဒေသတွင်းနေထိုင်သူများအနေနှင့် မိရိုးဖလာလုပ်ငန်းကဲ့သို့ မှတ်ယူကာ မိသားစုတစ်ပိုင်တစ်နိုင် လုပ်ကိုင်ခြင်းဖြင့် ဝင်ငွေရသော လုပ်ငန်းလည်းဖြစ်ပါသည်။

          တို့ဟူးပြုလုပ်ရန် ကုလားပဲခြမ်းကို (၄) နာရီကြာရေစိမ်ပြီးနောက် ကြိတ်ပေးရပါသည်။ ရရှိလာ သော အရည်ကိုပိတ်စဖြင့် အနှစ်ရအောင်စစ်ပေးပြီးနောက် ၎င်းအနှစ်ကို မိနစ် (၄၀) ကြာကျိုချက်ပြီး အအေးခံခွက်တွင်ထည့်၍ အအေးခံပြီးပါက တို့ဟူးတုံးရရှိလာပါသည်။ ကုလားပဲခြမ်း တစ်ပိဿာလျှင် တို့ဟူး (၂.၅) ပိဿာထွက်ရှိပြီး၊ ပဲစိမ်၍ရသောအရည်မှာလည်း တိရိစ္ဆာန်အစာအဖြစ်ရောင်းချရသဖြင့် ၎င်းအရည်ကို စွန့်ပစ်သဖြင့်ထွက်ပေါ်လာမည့် အနံ့အသက်ကို ကာကွယ်နိုင်သည့်အပြင် ဝင်ငွေရရှိ သောကြောင့် အကျိုးကျေးဇူးများသည့် လုပ်ငန်းတစ်ရပ်ဖြစ်သည်။

          ရမည်းသင်းတို့ဟူး၏ထူးခြားချက်မှာ(၁၀)ရက်ခန့်တာရှည်အထားခံသဖြင့် ဒေသထွက်ကုန်အနေ ဖြင့် နယ်ဝေးဒေသများသို့ တင်ပို့နိုင်သည်ကို တွေ့ရသည်။ ရမည်းသင်းတို့ဟူးကို စားသုံးသူအများစုက တို့ဟူးချဉ်ဟူ၍ လူသိများကြောင်း၊ ဒေသထွက်လက်ဆောင်ဝယ်ယူခြင်း၊ လက်ဆောင်ပေးပို့ခြင်းများ ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနားမြို့များထိ တင်ပို့ရောင်းချကြောင်း၊ မိရိုးဖလာမိသားစု တစ်ပိုင်တစ်နိုင်လုပ်ငန်းမှ ယခုအခါ စီးပွားဖြစ်လုပ်ကိုင်လာ၍ ဒေသထွက်ကုန်အထိ တိုးတက်လာသော ရမည်းသင်းတို့ဟူးမှာ တစ်ပိဿာလျှင် (၈၀၀၀) ကျပ်ဈေးဖြင့် အရောင်းသွက်လျက် ရှိကြောင်းသိရှိရသည်။

DOCA(မန္တလေး)