
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်အတွင်းရှိ တောင်ဦးကျေးရွာ အုပ်စု၊ တောင်ဦးကျေးရွာသည် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ပြီး မြေပဲ၊ နှမ်း၊ နေကြာ၊ ဝါ၊ ကြက်သွန်နီနှင့်ကုလားပဲတို့ကို ရာသီအလိုက်စိုက်ပျိုးလျက်ရှိရာ မိုးမြေပဲကို ၂၀၂၅ခုနှစ်၊ မေလမှ စတင်၍ ထွန်ကြောင်းဆွဲ အစေ့ချစနစ်ဖြင့် စိုက်ဧက(၃၀)ခန့် စိုက်ပျိုးထားကြောင်း သိရသည်။
မျိုးအနေဖြင့် ပင်ပြန့်မျိုးကို အများဆုံးစိုက်ပျိုးကြပြီး (၁)ဧကလျှင် မျိုး(၁၂)ပြည်ခန့်ကုန်ကျ ကြောင်း၊ စိုက်ပျိုးပြီး ရက်ပေါင်း(၉၅)ရက်အကြာတွင် ခူးဆွတ်ရကြောင်း၊ မျိုးစေ့ကို ယခင်နှစ်က မိုးမြေ ပဲစိုက်ခင်းများမှ ထွက်ရှိသည့်မြေပဲများကို မျိုးအဖြစ်ဖယ်ချန်၍ စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ ကုန်ကျစရိတ် အနေဖြင့် ယခင်နှစ်က(၁)ဧကလျှင် မြေပြုပြင်ခ၊ လုပ်အားခနှင့် အခြားသွင်းအားစုစရိတ်အပါအဝင် စုစုပေါင်း ကျပ်(၇)သိန်းခန့်ကုန်ကျခဲ့သော်လည်း ယခုနှစ်တွင်မူ သွင်းအားစုစရိတ်မြင့်တက်လာ၍ ကျပ်(၉)သိန်းခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ယခင်နှစ်က(၁)ဧကလျှင် မြေပဲတောင့်တင်း ရေ(၃၅)တင်းမှ (၄၀)တင်းထိထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် မြေပဲတောင့်(၁)တင်းလျှင် ကျပ်(၃၅၀၀၀) ခန့်ရရှိကာ အကျိုးအမြတ်အနေဖြင့် (၁)ဧကလျှင် ကျပ်(၅)သိန်းမှ(၇)သိန်းခန့် ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် မင်းလှမြို့နှင့်မကွေးမြို့ပေါ်ရှိပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ ယခုအချိန်တွင် ရာသီဥတု ကောင်းမွန်သည့်အတွက် မိုးမြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ယခင်နှစ်ကကဲသို့ ဈေးကောင်းရရှိပါက တောင်သူများပိုမိုအဆင်ပြေမည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။
DOCA(မကွေး)