
လူတို့သည် အစားအစာဘေးအန္တရာယ်ကင်းရှင်းစေရေးကို အလေးထားစားသုံးလာကြသည်နှင့် အမျှ စားသုံးဆီသည်နှင့် လူတို့၏ တစ်နေ့တာ စားသုံးမှုတွင် မပါမဖြစ် ပါဝင်သောကြောင့် အရေး ကြီးသည့် ကဏ္ဍတစ်ရပ်ဖြစ်ပါသည်။ ဆီကြောင့်ဖြစ်ပေါ်သည့် ရောဂါများမှာ အများအပြားပင် ဖြစ်သောကြောင့် စားသုံးဆီသန့်များကိုသာ ရွေးချယ်စားသုံးသင့်ပေသည်။
ယနေ့မြန်မာနိုင်ငံ၏ လူဦးရေအရ စားသုံးဆီစားသုံးမှုကို အနိမ့်ဆုံးနှုန်းဖြင့် တွက်ချက် ကြည့်ပါက လူတစ်ဦး တစ်နှစ်ပျမ်းမျှ ဆီ ၆၀ ကျပ်သား(၁၂ ကီလိုဂရမ်)ခန့် စားသုံးကြောင်း တွေ့ရှိရသည်။
မြန်မာနိုင်ငံ၏ အဓိက ဆီထွက်သီးနှံများမှာ နှမ်း၊ မြေပဲ၊ နေကြာ၊ ပန်းနှမ်း၊ ပဲပိစပ်နှင့် ဆီအုန်း စသည်တို့ဖြစ်ပါသည်။ စားသုံးဆီထုတ်လုပ်မှုတွင် မြေပဲသည် အဓိက အခန်းကဏ္ဍမှပါဝင်နေသည့် အတွက် မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းက မြေပဲကို ကန်ထရိုက်စနစ်ဖြင့် စိုက်ပျိုးလိုသည့် တောင်သူများကို မြေပဲမျိုးကောင်းမျိုးသန့်နှင့် ပံ့ပိုးကူညီပေးကာ စိုက်ပျိုးပေးလျက်ရှိသည်။
မြန်မာ့ဆီထွက်သီးနှံများကို လက်ငင်းအခြေအနေအပေါ်မူတည်၍ တွက်ချက်ကြည့်သောအခါ လုံးဆန်အတိုင်း ရောင်းချမှုမှရရှိသည့် ဝင်ငွေနှင့် စားသုံးဆီလိုအပ်ချက်ကို ပြည်ပမှတင်သွင်း၍ သုံးစွဲ ရသည့် ငွေတို့၏ ခြားနားချက်အရ အမေရိကန်ဒေါ်လာသန်း ၂၀၀၀နီးပါး အကျိုးအမြတ် ရရှိနေသည်ကို ဆီကျွမ်းကျင်ပညာရှင်များက တွက်ချက်ရရှိသဖြင့် အခြေအနေအပေါ်မူတည်ကာ နည်းလမ်းမျိုးစုံဖြင့် ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးကြရန် တိုက်တွန်းလိုက်ရပါသည်။
DOCA(ဧရာဝတီ)