ပြည်ပဈေးကွက်ရရှိနေသော တောင်ငူကွမ်းသီးနု

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် တောင်ငူမြို့သည် ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသနှင့် နီးကပ်စွာတည်ရှိနေသည်။ သံတောင်ကြီးဒေသ ၊လိပ်သို၊ (၁၃)မိုင်၊သံဘိုးတောင်၊မုန်း၊ ဘောဂလိဒေသများရှိ ကွမ်းသီးစိုက်ခင်းများမှ ကွမ်းသီးနုများ ဈေးကောင်းပေးဝယ်ယူနေသောကြောင့် တောင်ငူမြို့ ကွမ်းသီးနု ဝယ်ယူသည့် ပွဲရုံများသို့ လာရောက်ရောင်းချကြသည်။

        တောင်ငူမြို့ ကွမ်းသီးနု ဝယ်ယူသည့် ပွဲရုံများသို့ ဧပြီလကုန်မှစတင်၍ ကွမ်းသီးနုများ အဝင်များလာကြောင်း သိရှိရသည်။ မေ၊ ဇွန်၊ ဇူလိုင် လများသည် ကွမ်းသီးနု ကုန်ချိန်အထွက်များပြီး ဇွန်လလယ်မှစတင်၍ ပွဲရုံသို့တစ်ရက် ကုန်ချိန်ပိဿာ( ၁၀၀၀၀ မှ ၂၀၀၀၀) ထိ ဝင်ရောက်နေကြောင်း သိရှိရသည်။ ကွမ်းသီးနုများသည် ခူးဆွတ်ပြီးပါက ရက်ကြာကြာထားလျှင် ဝါသွားသည့်အတွက် ချက်ချင်းခူးပြီး နောက်ရက် ပွဲရုံသို့အရောက် ရောင်းကြကြောင်း၊ ပွဲရုံများမှလည်း တစ်နေ့တာ ဝယ်ယူရရှိသည့် ကွမ်းသီးနုများကို တစ်ပိဿာလျှင်(၆၀၀၀)ကျပ်ဖြင့် ဝယ်ယူပြီး ရန်ကုန်သို့ တင်ပို့ရောင်းချကြောင်း သိရှိရသည်။ ကွမ်းသီးနုများကို အခြောက်ခံစက်ဖြင့်  စနစ်တကျ အခြောက်ခံပြီး ရန်ကုန်မှတဆင့် ပြည်ပသို့တင်ပို့နေကြောင်း ကွမ်းသီးနုဝယ်ယူသူ ဦးနိုင်နိုင်ကျော်၏ ပြောကြားချက်အရ သိရှိရသည်။

DOCA(ပဲခူး)