
ဇီဇဝါပန်းကလေး၏ အဓိပ္ပာယ်သည် “ဒီအတိုင်း တိတ်တိတ်လေး အများကြီး သဘောကျ ရပါတယ်” ဟု ဆိုလိုသည်။ ဇီဇဝါပန်းသည် အနံ့မွှေး၍ အဖြူရောင်ရှိသည်။ ဇီဇဝါသည် ပန်းပွင့်သော အလှပန်းပင်ဖြစ်သည်။ ဇီဇဝါပန်းရနံ့သည် အလွန်မွှေးကြိုင်ပြီး ရနံ့သင်းသင်း စံပယ်ပန်း ရနံ့နှင့်ဆင်တူပါသည်။ ဇီဇဝါပန်းလေးတွေက တန်ခူး၊ ကဆုန်၊ နယုန်လများတွင် ဝေဝေဆာဆာပွင့် တတ်ကြသည်။ ဇီဇဝါပန်းရနံ့သည် စိတ်ကို လုံခြုံစိတ်ချနွေးထွေးမှုရှိသည်ဟု ယူဆကြသည်။ စိတ်ခံစားမှုကောင်းစေပြီး စိတ်ဓာတ်ကျတာကို သက်သာစေပါသည်။ ဇီဇဝါပန်းလေးတွေ အရမ်း မွှေးပြီးလှပသော အဖြူရောင်ပန်းကလေးများဖြစ်ပြီး နွမ်းသွားသောအခါ အဝါရောင်ပြောင်းသွားပြီး နွမ်းလျသည်အထိ မွှေးပျံ့ဆဲဖြစ်ပါသည်။ ဇီဇဝါပန်းလေးတွေကို ချိုးယူပြီးဘုရားပန်းလှူခြင်း၊ အလှပန်းအိုး ထိုးခြင်းများ ပြုလုပ်နိုင်သလို ခေါင်းတွင်လည်း အလှပန်ဆင်နိုင်ပါသည်။ ဇီဇဝါပန်း ကလေးတွေရဲ့ အဆီအနှစ်က ရောင်ရမ်းမှုကို ကျစေပါသည်။ အသက်ရှူလမ်းကြောင်းကို သက်သောင့်သက်သာ ဖြစ်စေပါသည်။ ဦးနောက်ကိုကျန်းမာစေပြီး မှတ်ဉာဏ်စွမ်းအားကို ကောင်းမွန်စေပါသည်။ အသားအရေကိုလှပစေပါသည်။ ယခုလို လှပမွှေးပျံ့ပြီး ရနံ့သင်းသင်း ကျက်သရေရှိသော ဇီဇဝါပန်းပင်များကို အိမ်မှာအလှစိုက်ထားလျှင် ဘုရားပန်းလှူ၊ အလှပန်းအိုးထိုး၊ စိတ်ကိုကျန်းမာစေ၍ အမြတ်တနိုး ပန်ဆင်နိုင်ရန်အတွက် စိုက်ပျိုးထားသင့်ပါသည်။ ဇီဇဝါပန်း ပျိုးပင် ဗမာမျိုး နှင့်ယိုးဒယားမျိုး ဟူ၍ရှိပြီး ဇီဇဝါပန်းပျိုးပင်တစ်ပင်လျှင် (၅၀၀၀/၈၀၀၀/၁၅၀၀၀) ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း ပန်းပျိုးပင်အရောင်းဆိုင်မှ သိရှိရသည်။
DOCA(မန္တလေး)