ဈေးကောင်းရနေတဲ့ ခဝဲသီး

Powered by Drupal

ခဝဲပင်သည် ဘူး၊ဖရုံ မျိုးရင်း၌ပါဝင်၍ နှစ်စဉ် စိုက်ပျိုးရသော အပင်မျိုးဖြစ်သည်။ နွယ်ပင်ကဲ့သို့ လိမ်ယှက်၍ ပေါက်တတ်သည်။ ခဝဲသီးသည် အလျား ၇ လက်မ မှ ၁၅ လက်မ ခန့်အထိ ရှည်သည်။ ခဝဲ ပင်၏ အဖျားပိုင်းသည် အနည်းငယ်ထွား၍ အညှာဖက်သို့ သေးသွယ် သွား၏။ လတ်ဆတ်နေချိန်၌ ခဝဲ သီးသည် အစိမ်းရင့်ရောင်ရှိသည်။ သခွားသီးကဲ့သို့ လုံးချော မဟုတ်ဘဲစောင်းပါရှိသည်။ “ဗြိစ္ဆာရာသီ” တန်ဆောင်မုန်းလ တွင် ပွင့်သောပန်း အဖြစ်ထင်ရှားသည်။ ခဝဲပင်ကို မြန်မာနိုင်ငံ တွင် ဒေသအနှံအပြားတွင် စိုက်ပျိုးကြသည်။ မြန်မာနိုင်ငံ၌ ခဝဲ နှစ်မျိုးရှိသည်။ တစ်မျိုးမှာ အပုမျိုးဖြစ်ပြီး (၅ – ၆) လက်မခန့်ရှည်ပြီး အသီး၏ ပုံသဏ္ဍာန်မှာ အမြီးပိုင်းတုတ်ပြီး အဖျားပိုင်းသို့ ရှူးသွားသည်။ ကျန်တစ်မျိုးမှာ အရှည်မျိုးဖြစ်ပြီး တစ်ပေခန့်ရှည်၍ အရင်းအဖျား ညီညာပြီး တစ်ဖြောင့်တည်း သေးသွယ် သည်။ ဆောင်းရာသီတွင် အပင်ငယ်ငယ်ဖြင့် ပန်းပွင့်တတ်၍ သတိထား စိုက်ပျိုးရသည်။ ရောဂါဒဏ်၊ ပိုးမွှားဒဏ်ခံ၍ ဒေသနှင့် ကိုက်ညီသောမျိုးကို ထိန်းသိမ်း စိုက်ပျိုးသင့်သည်။ ခဝဲသီးကို မိုးရာသီ ဇွန်၊ ဇူလိုင်၊ သြဂုတ်လများတွင် အစိုက်များသည်။ စက်တင်ဘာ၊ အောက်တိုဘာလတွင် ခူးဆွတ်ကြသည်။ မြေပြန့်ဒေသများတွင် ဆောင်းနှင့်နွေတွင် စိုက်ပျိုးနိုင်သော်လည်း ရေကို ဝအောင်ပေးရပါမည်။ ဆောင်း ရာသီတွင် အောက်ခြေမှ ငါးပေအထိ အသီးအပွင့်များကို ချွေပြီးမှ အပေါ်အဆစ်မှ အသီးများကို ယူသင့် သည်။ မိုးဒဏ်ကို ခံနိုင်ရည်ရှိပြီး စင်တင်စနစ်၊ ဝါးတန်းထိုး စနစ်ဖြင့်သာ အစိုက်များသည်။ ခဝဲစေ့ကို တိုက်ရိုက်အစေ့ချ စနစ်ဖြင့် စိုက်ပျိုး၍ရသလို ဘောင်တင်ပြီး စိုက်ပျိုး၍လည်းရပါသည်။ တစ်ဧကစာ ကြဲဖြန့်စိုက်ပျိုးရန်အတွက် မျိုးစေ့ (၂-၃) ပေါင်ခန့် လိုအပ်ပါသည်။ မျိုးစေ့ကို အညှောင့်ဖောက်၍ စိုက်ဘောင်ပေါ်တွင် တစ်ပေကြား လက်မဝက်ခန့်မြုပ်၍စိုက်ပါ။ စိုက်ဘောင်ကို နှစ်ပေအကျယ်၊ တစ်ပေ အမြင့်ဆွဲ၍ တစ်ဘောင်နှင့် တစ်ဘောင် ငါးပေခြားဆွဲပါ။ တစ်ဧကလျှင် အပင် ၈,၀၀၀ ခန့်ရအောင် စိုက်ပျိုးပါ။ စင်ပေါ်သို့ မရောက်မီ ကြားဝါးတန်းများကို တစ်ပေခြား ကန့်လန့်ဖြတ် ချည်ပေးရပါမည်။ မိုးအနည်း ငယ်ရွာသွန်းသော ဒေသများတွင် ခဝဲပင်ကို စင်မထိုးဘဲ စိုက်ပျိုးကြသည်။ သို့သော် မိုးများစွာ ရွာသွန်းသောဒေသများတွင် စင်ထိုး၍ စိုက်ပျိုးကြသည်။ အကြောင်းမှာ စွတ်စိုသောမြေပေါ်တွင် ကြာမြင့် စွာ ခဝဲသီးကျနေပါမူ ပုပ်လွယ်တတ် သောကြောင ဖြစ်သည်။ ခဝဲပင်ကို မြေဩဇာ ကောင်းသောနေရာများ တွင် စိုက်ပျိုးကြသည်။ မြေဩဇာညံ့ဖျင်းသော ဒေသများတွင် ပြာနှင့် နွားချေးဆွေးများကို မြေဩဇာ အဖြစ် အသုံးပြုကြသည်။ မိုးကောင်းစွာ ရွာသွန်းလာ သည့်အချိန်ထိ ရေမှန်မှန် လောင်းပေးရသည်။ အချိန်မှန် ပေါင်းသင်ပေးမှ အပင်များ သန်စွမ်း ပါမည်။ အပင်သက်တမ်း (၇၅ – ၈၀) ရက်ရှိသောအခါ အသီးကိုဆွတ်ခူးနိုင်သည်။ တစ်ဧကလျှင် အသီးလုံးရေ (၂၀,၀၀၀ – ၃၀,၀၀၀) အထိ ရရှိနိုင်သည်။ ခဝဲသီးသည် တာရှည် အထားခံသော အသီးမျိုးမဟုတ်၍ သတိပြုသင့်ပါသည်။ ခဝဲသီးကို ပြည်ခရိုင်အတွင်းရှိ ကျေးရွာများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍သော်လည်းကောင်း၊ စီးပွားဖြစ် စိုက်ပျိုး၍ သော်လည်းကောင်း စိုက်ပျိုး ကြပြီး ကျေးရွာများထိ အဝယ်ဒိုင်များမှ ကိုယ်တိုင်ဝယ်ယူကြကြောင်း သိရှိရ ပါသည်။ ယခုနှစ်တွင် ခဝဲစိုက်တောင်သူများမှာ ဈေးကောင်းရပြီး အသီးလည်းဖြစ်ထွန်းသောကြောင့် ရောင်းအား ကောင်းမွန် ကြောင်းသိရှိရပါသည်။ ခဝဲသီးကို ပြည်မြို့ မြို့မစည်ပင်သာယာဈေးကြီးနှင့် အခြားဈေး များတွင် ခဝဲသီး အကြီးအတောင့်ချောတစ်တောင့်လျှင် ကျပ် ၁၀၀၀ - ၈၀၀၊ ခဝဲသီးအလတ် (၃) တောင့်လျှင် ကျပ် (၁၀၀၀)နှင့် ခဝဲသီးအသေးတောင့်တစ်တောင့်လျှင် ကျပ် ၅၀၀ ရှိပြီး ရာသီပေါ် ဖြစ်သည့်အတွက် ရောင်းအားကောင်း ပြီး‌ ဈေးကောင်းရကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)