
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လေ့ရှိသော ရှေ့လာမည့် မိုးရာသီကာလ တွင် ဖြစ်ပေါ်လာနိုင်မည့် အကျပ်အတည်းများကို လျော့ပါးစေရေးအတွက် ကြိုတင်ပြင်ဆင်မှု တစ်စိတ်တစ်ပိုင်းအနေဖြင့် ဆန်မက်ထရစ် တန်ချိန် ၄၀၀,၀၀၀ တင်သွင်းရန် အစိုးရက ဆုံးဖြတ် ခဲ့ပါသည်။
ဘင်္ဂလားဒေ့ရှ် အတွင်းဝန်ချုပ်ရုံးတွင် ဇူလိုင် ၁၅ ရက်၊ အင်္ဂါနေ့၌ ကျင်းပခဲ့သည့် ဘဏ္ဍာရေး အတိုင်ပင်ခံ ဒေါက်တာ ဆာလာဟူဒင်အာမက်က သဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်သော စားနပ်ရိက္ခာ စီမံကိန်းနှင့် စောင့်ကြည့်ကြပ်မတ်ရေး ကော်မတီ၏ အစည်းအဝေးမှ အဆိုပါ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အစည်းအဝေးအပြီး သတင်းထောက်များနှင့် တွေ့ဆုံရှင်းလင်းရာတွင် စားနပ်ရိက္ခာ အကြံပေးအရာရှိ Ali Imam Majumder က မိုးသီးနှံ (Aman) ရာသီအတွင်း ဖြစ်နိုင်ခြေရှိသော ရေလွှမ်းမိုးမှုများအတွက် ကြိုတင်စီစဉ်ရန် ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်ကြောင်း၊ ယခု မိုးသီးနှံရာသီ၌ မည်သည့် ဘေးအန္တရာယ်၊ အခက်အခဲမျှ ကြုံတွေ့ရမှု မဖြစ်ပေါ်စေလိုကြောင်း၊ ယခင် နောက်ဆုံး အကြိမ် ရေကြီးပြီးနောက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ဝယ်ယူရေးကိစ္စများကို လည်း နိုင်ငံတကာတင်ဒါစနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဟင်းသီးဟင်းရွက်စိုက်ခင်းများ ထိခိုက်ပျက်စီးမှု ရှိသော် လည်း နွေစပါး (Boro paddy) များကို ရိတ်သိမ်းခဲ့ပြီးဖြစ်ကြောင်း၊ မိုးစပါး (Aman paddy) မှာမူ ကနဦး စိုက်ပျိုးဆဲဖြစ်၍ စပါးများဆုံးရှုံးနိုင်ခြေ မရှိကြောင်း၊ သို့သော် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ် ထားပြီး ဝယ်ယူရေးလုပ်ငန်းစဉ်ကိုလည်း စတင်သွားမည်ဖြစ်ကြောင်း Mr. Majumder က ပြောဆို သည်။
၎င်း၏ အဆိုအရ ၂၀၂၅ ခုနှစ် နိုဝင်ဘာလတိုင်အောင် ဘေးကင်းလုံခြုံသော စားနပ်ရိက္ခာ သိုလှောင်မှုသည် ဆန်နှင့် ဂျုံအပါအ၀င် မက်ထရစ်တန်ချိန် ၁၃ သိန်းအထိ ရှိနေမည်ဖြစ်ကြောင်း၊ နွေစပါး မက်ထရစ်တန်ချိန် ၃.၅၀ သိန်း စုဆောင်းရန် ရည်မှန်းချက်ကို ကျော်လွန်လျက် လက်ရှိ ကာလတွင် တန်ချိန် ၃.၇၆ သိန်းခန့်ကို အစိုးရက ဝယ်ယူစုဆောင်းထားပြီးဖြစ်ကြောင်း၊ အရန်ဆန် စုဆောင်းရန် ရည်မှန်းချက်မှာ မက်ထရစ်တန်ချိန် ၁၄ သိန်းဖြစ်ပြီး ယခုအချိန်အထိ တန်ချိန် ၉.၅၀ သိန်း စုဆောင်းပြီးဖြစ်ကြောင်း၊ ရည်မှန်းချက်ကို အပြည့်အဝ ရရှိမည်ဟု မျှော်မှန်းထားပြီး ဩဂုတ် လလယ်ပိုင်း၌ ဆန်ဝယ်ယူရေးလုပ်ငန်းစဉ်ကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း သိရှိရသည်။
ဘင်္ဂလားဒေ့ရှ် အစိုးရသည် ဆန်စပါးဝယ်ယူရေးလုပ်ငန်း ပိတ်သိမ်းပြီးချိန်၌ ဆန် ၁ ကီလို ဂရမ်လျှင် ၁၅ တာကာနှုန်းထားရှိလျက် အိမ်ထောင်စု ၁ ခု တစ်လလျှင် ဆန် ၃၀ ကီလိုဂရမ်နှုန်းဖြင့် နိုင်ငံတစ်ဝန်းရှိ အိမ်ထောင်စုပေါင်း ၅၅ သိန်းခန့်သို့ ဖြန့်ဖြူးရောင်းချပေးမည်ဖြစ်သည်။ ယခင်က အိမ်ထောင်စုပေါင်း ၅၀ သိန်းသို့ ထောက်ပံ့ပေးခဲ့သည့် အဆိုပါ အစီအစဉ်ကို ယခုအခါ သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဖေဖော်ဝါရီနှင့် မတ်လ စုစုပေါင်း ၆ လတာ ဆောင်ရွက် မည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် စားနပ်ရိက္ခာ လုံလောက်စွာ သိုလှောင်ထားရှိခြင်းဖြင့် ဈေးကွက် တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်ရန် မျှော်မှန်းလျက်ရှိကြောင်း သိရှိရပါသည်။
Source: Bangladesh Sangbad Sangstha, 15 Jul 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)