ဇော်စိမ်းပန်းဈေးကွက်

Powered by Drupal
ဇော်စိမ်း၊ ဇော်ကျား၊ ဇော်လုံး စသည့်ပန်းပင်များမှာ အမျိုးအစားတူညီကြပြီး မြန်မာလူမျိုး တို့နဲ့ ရင်နှီးသော ပန်းပင်များဖြစ်ပါသည်။ ဇော်စိမ်းကို အချို့သောဒေသများမှာ ကျောက်စိမ်းပင်၊ ကျောက်စိမ်းပန်း၊ နှစ်တစ်ရာပန်း ဟူ၍လည်း ခေါ်ဆိုကြပါသည်။ ပတ်ဝန်းကျင်မှာ အလေ့ကျ ပေါက်ရောက်တတ်သလို ဘုရားပန်းထိုးရန်အတွက် မိမိ၏ နေအိမ်ခြံဝန်းအတွင်း၌လည်း အလွယ် တကူ စိုက်ပျိုးနိုင်တဲ့ ပန်းပင်များဖြစ်ပါသည်။ ယနေ့ခေတ်မှာတော့ ဇော်စိမ်းကို Lucky Bamboo လို့ခေါ်တဲ့ ကံကောင်းလာဘ်ရွှင်စေတဲ့ အိမ်တွင်းအလှစိုက်အပင်အဖြစ်နဲ့ စိုက်ပျိုးနေကြပြီဖြစ်ပါ သည်။ ဇော်စိမ်းပင်တွေဟာ သဘာဝအရ အကြမ်းခံပြီး အိမ်တွင်း အိမ်ပြင် အလွယ်တကူစိုက်ပျိုးနိုင်သည့် အပင်များဖြစ်ပါသည်။ မြေအမျိုးအစားနဲ့ ရာသီမရွေးစိုက်ပျိုးနိုင်တဲ့ အပင်ဖြစ်ပါသည်။ အပင်ပိုင်း မျိုးပွားနည်းနဲ့ ကိုင်း၊ အတက်တို့ကို မြေကြီးထဲထိုးစိုက်ထားရုံနဲ့ ရှင်သန်ကြီးထွားနိုင်ကြပါသည်။ အပင်ရဲ့ပတ်လည်မှာ အမြစ်တွေ ကြီးထွားပွားများနိုင်ဖို့အတွက် သင့်တင့်တဲ့နေရာရနိုင်မယ့် ပန်းအိုးဖြစ်ဖို့လိုပါသည်။ ပြီးရင်မိမိမှာရှိတဲ့ အပင် (သို့မဟုတ်) ကိုင်းကို အိုးထဲထည့်စိုက်ပြီး စိုက်ပျိုး နိုင်ပါသည်။ မိမိအိမ်မှာ ကံကောင်းလာဘ်ရွှင် စေဖို့(သို့မဟုတ်) ဘုရားပန်းကပ်လှူဖို့အတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုး ထားနိုင်ပါသည်။ ဒါ့အပြင် လေသန့်ပင်အမျိုးအစားထဲမှာလည်း ပါဝင်တာကြောင့် အိမ်တွင်းအလှစိုက်အပင်အနေနဲ့လည်း စိုက်ပျိုးနိုင်ပါသည်။ နွေရာသီတွင် အပူချိန်အလွန်ပြင်းသဖြင့် ဘုရားပူဇော်ရာတွင် အပွင့်ပန်းများ အစား တာရှည်ခံသည့် ဇော်စိမ်း(ခေါ်)အုန်းစိမ်းပန်းများဖြင့် ပူဇော်ကြသဖြင့် ၎င်းပန်းများမှာ အရောင်းသွက်လျက်ရှိပါသည်။ဇော်စိမ်းပန်းတွင် ပလပ်စတစ်အလှပန်းပွင့်များဖြင့် မွမ်းမံထားသော ပန်းများမှာ ၅ ပင်စည်း တစ်စည်းလျှင်(၂၀၀၀)ကျပ်၊ ရိုးရိုးဇော်စိမ်း/ဇော်ကြားပန်းများမှာ ၅ ပင်စည်းတစ်စည်း (၁၅၀၀) ကျပ်ဖြင့် အရောင်းသွက်လျက်ရှိကြောင်း မန္တလေးမြို့၊ နန်းရှေ့ဈေးရှိ ဘုရားပန်းအရောင်းဆိုင်များမှ သိရပါသည်။ DOCA(မန္တလေး)