စားသုံးသူများ လိမ်လည်ခံရမှုဖြစ်စဉ်များတွင် ကုန်စည်/ဝန်ဆောင်မှုဝယ်ယူသုံးစွဲရာမှတဆင့် လိမ်လည်ခံရခြင်း၊ ငွေကြေးဝန်ဆောင်မှုများနှင့်ပတ်သက်၍ လိမ်လည်ခံရခြင်း၊ Social Media အသုံးပြုမှုမှတဆင့် အလိမ်ခံရခြင်းအမျိုးမျိုးရှိကြပါတယ်။ ဒီလိုအလိမ်ခံရမှုဖြစ်စဉ် များထဲမှာမှ ကုန်စည်/ဝန်ဆောင်မှုများဝယ်ယူသုံးစွဲမှုပြုရာမှ လိမ်လည်ခြင်းခံရသူများ သည် စားသုံးသူအခွင့်အရေးအကြောင်း ဂဃနဏ မသိရှိကြ သူများ နစ်နာဆုံးရှုံးမှု ဖြစ်ပေါ် လာသည့်အခါ မည်သည့်နေရာတွင် သွားရောက် တိုင်တန်းရမည်ကို မသိရှိကြသူများ၊ တိုင်ကြားရန်တွန့်ဆုတ်တက်သူများဟာ ပိုလို့ပင် နစ်နာဆုံးရှုံးမှုများ များပြားစွာကြုံတွေ့ ရတတ်ပါတယ်။
လူပုဂ္ဂိုလ်တစ်ဦးချင်းစီတိုင်းဟာ တစ်ဖက်မှာကုန်စည်တစ်ခု (ဥပမာ- ဆန်) ကို ရောင်းနေပေမဲ့ တစ်ဖက်မှာအခြားကုန်စည်တစ်ခု(ဥပမာ - ဆီ) ကို ဝယ်ယူစားသုံး/ သုံးစွဲ နေရတာပဲဆိုတော့ တစ်ဖက်စားသုံးသူဖြစ်နေနိုင်သလို တစ်ဖက်မှာလည်းစီးပွားရေး လုပ်ငန်းရှင်ဖြစ်နေနိုင်တာမို့ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း ၊ စီးပွားရေး လုပ်ငန်းရှင်များလိုက်နာကျင့်သုံးရမည့်တာဝန်များအကြောင်း သာမက ကုန်စည်/ ဝန်ဆောင်မှု တွေကြောင့် ရုပ်ပိုင်းဆိုင်ရာနစ်နာဆုံးရှုံးမှု သို့ တည်းမဟုတ် စိတ်ပိုင်းဆိုင် ရာ နစ်နာမှုတွေဖြစ်ခဲ့ရင်လည်း နစ်နာဆုံးရှုံးမှုတွေကိုကုစားဖို့အတွက် တိုင်တန်း၍ရနိုင် ကြောင်းများကို ဖော်ပြထားတဲ့ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းကို အများ ပြည်သူ များ ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး အသိပညာများတိုးပွားအောင် အနည်းငယ် အကျဉ်းချုံးရေးသားဖော်ပြလိုပါတယ်။
မြန်မာနိုင်ငံရဲ့ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ(၁၅) ရက်နေ့ ကတည်းက ပြည်ထောင်စုလွှတ်တော် အမှတ်(၉) ဖြင့် ပြဌာန်းထားခဲ့ပြီး ဖြစ်ပါတယ်။ ဒီ နေရာမှာ သတိပြုမှတ်သားရမှာက ကုန်စည်/ ဝန်ဆောင်မှု ဝယ်ယူသုံးစွဲတဲ့လူတိုင်းကို စားသုံးသူလို့ သတ်မှတ်လို့မရဘူးဆိုတဲ့အချက်ဖြစ်ပါတယ်။ စားသုံးသူကာကွယ်ရေး ဥပဒေအရ လူတစ်ဦးတစ်ယောက်ဟာ ကုန်စည်/ဝန်ဆောင်မှုကို ပြန်လည်ရောင်းချဖို့ မဟုတ်ဘဲ မိမိကိုယ်တိုင် စားသုံး၊ သုံးစွဲလျှင်သော်လည်းကောင်း၊ အခြားသူအတွက် ရည်ရွယ်ဝယ်ယူခြင်းသော်လည်းကောင်း၊ ပေးကမ်းထောက်ပံ့ခြင်းခံရသူဖြစ်မှသော် လည်းကောင်း စားသုံးသူဖြစ်တယ်လို့ ဖော်ပြပါရှိတဲ့အတွက် အထက်ပါအချက်အလက် တွေနဲ့ ကိုက်ညီမှသာ စားသုံးသူလို့ သတ်မှတ်နိုင်တာဖြစ်ပါတယ်။
စားသုံးသူတွေမှာ စားသုံးသူအခွင့်အရေး (၈)ရပ်ရှိပါတယ်။ စားသုံးသူတွေဟာ ကုန်စည် /ဝန်ဆောင်မှုတွေနဲ့ပတ်သက်ပြီး အခြေခံလိုအပ်ချက်တွေအပေါ် စိတ်ကျေနပ်မှု ရရှိစေခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုခွင့်ရှိခြင်း၊ သတင်းအချက်အလက်ပြည့်စုံ မှန်ကန်စွာ သိရှိခွင့်နှင့် ပြေစာအထောက်အထားရယူခွင့်ရှိခြင်း၊ စိတ်ကြိုက်ရွေးချယ်ဝယ် ယူခွင့်ရှိခြင်း၊ နစ်နာဆုံးရှုံးသည့်ကိစ္စရက်များအား ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့်ရရှိ ခြင်း၊ နစ်နာဆုံးရှုံးသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ကုစားခွင့်ရရှိခြင်း၊ အသိပညာဗဟု သုတများ၊ အခွင့်အရေးများနှင့်လိုအပ်သောအချက်အလက်များကို သိရှိလေ့လာနိုင်ခွင့် ရှိခြင်း၊ပစ္စုပ္ပ္ပန်တွင်သာမက အနာဂတ်မျိုးဆက်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင် နေထိုင်ခွင့်ရရှိစေခြင်း ဆိုသော အချက်များ ဖြစ်ပါတယ်။
စားသုံးသူတွေမှာ အခွင့်အရေးတွေပဲ ရှိတာမဟုတ်ဘဲ လိုက်နာရမဲ့ တာဝန် (၄)ရပ်လည်း ရှိပါတယ်။ ပထမအချက်အနေနဲ့ စားသုံးသူတွေဟာ ကုန်စည်/ ဝန်ဆောင်မှု တွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို သိရှိခွင့်ရှိသလို တစ်ဖက်မှာလည်း ဖော်ပြထားတဲ့ သတင်းအချက်အလက်တွေ၊ လမ်းညွှန်ချက်တွေကို လိုက်နာရမဲ့ တာဝန်ရှိ ပါတယ်။နောက်တချက်ကတော့ ကုန်စည်/ ဝန်ဆောင်မှုတွေကို မိမိစိတ်ကြိုက်ရွေးချယ် ဝယ်ယူခွင့်ရှိသလို ရွေးချယ်ဝယ်ယူတဲ့နေရာမှာ သဘောတူညီထားတဲ့တန်ဖိုးနဲ့အညီ ပေး ချေရမဲ့ တာဝန်ရှိပါတယ်။တတိယအချက်အနေနဲ့ကတော့ ကုန်စည်/ဝန်ဆောင်မှု အသုံးပြု တာကြောင့် နစ်နာတာတွေကို တိုင်တန်းနိုင်မှု၊ ကုစားခွင့်ရရှိနိုင်မှု စတဲ့အခွင့်အရေးတွေရှိိ သလို တစ်ဘက်မှာလည်း စီးပွားရေးလုပ်ငန်းရှင် ထိခိုက်နစ်နာအောင် မဟုတ်မမှန် စွပ်စွဲ ပြောဆိုတာမျိုးတွေကို မပြုလုပ်ရပါဘူး။နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ တိုင်တန်းမှု ကိုဖြေရှင်းနေစဉ်အတွင်းမှု လူထုဆက်သွယ်ရေးနည်းလမ်းများဖြင့်ဖြစ်စေ၊ အခြားနည်း လမ်းများဖြင့်ဖြစ်စေ သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင် ထိခိုက်အောင် ပြောဆိုရေးသား ပြုမူခြင်းများကို ရှောင်ကြဉ်ရမယ်ဆိုတဲ့ တာဝန်တွေရှိကြောင်းကိုလည်း သိထားရမယ် ဖြစ်ပါတယ်။
ခုနကပြောခဲ့သလို တစ်ဖက်မှာစားသုံးသူဖြစ်နိုင်သလိုအခြားတစ်ဖက်မှာလည်း ကိုယ်က ကုန်စည် သို့ ဝန်ဆောင်မှုတစ်မျိုးမျိုးကို ရောင်းချတဲ့သူဖြစ်နေနိုင်တာမို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးရဲ့ တာဝန်တွေကိုလည်း အကြမ်းဖျင်းအားဖြင့် သိရှိထား သင့် ပါတယ်။ အတိုချုပ်အနေနဲ့ တင်ပြရရင် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးရဲ့တာဝန်တွေထဲမှာ စားသုံးသူတွေအတွက် စားသုံးသူအခွင့်အရေးကိုအပြည့်အဝပေးရန်၊ စီးပွားရေးကျင့်ဝတ် စည်းကမ်းများနှင့်အညီ ဆေင်ရွက်ရန်၊ အငြင်းပွားမှုဖြေရှင်းနေစဉ်အချိန်မှာ လူထု ဆက်သွယ်ရေးနည်းလမ်းများဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းများဖြင့်ဖြစ်စေ သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်ထိခိုက်အောင် ပြောဆိုရေးသားပြုမူခြင်းများကို ရှောင်ကြဉ်ရမယ် ဆိုတဲ့ တာဝန်တွေရှိကြောင်းကိုလည်း သိထားရမှာဖြစ်ပါတယ်။
လူတိုင်းဟာ ကုန်စည်/ဝန်ဆောင်မှုတွေကို နေ့စဉ်နဲ့အမျှ ဝယ်ယူ စားသုံး/ သုံးစွဲနေ ရတာဖြစ်လို့ လူတိုင်းလူတိုင်းစားသုံးသူအခွင့်အရေးကို သိထားသင့်ပါတယ် ။ သိဖို့လဲ အလွန်လိုအပ်ပါတယ်။ အခွင့်အရေးသိမှ အခွင့်အရေးတောင်းဆိုနိုင်မယ်။ အခွင့်အရေးကို တောင်းဆိုမှလဲ နစ်နာမှုတွေကို ကုစားနိုင်မှာဖြစ်ပါတယ်။ စားသုံးသူအခွင့်အရေးဆုံးရှုံးရင် ဖြစ်ဖြစ် နစ်နာမှုပေါ်ပေါက်လာရင်ဖြစ်ဖြစ် စာသုံးသူရေးရာဦးစီးဌာနမှာရှိတဲ့ စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုစင်တာ (CICC) ရုံးတည်ရှိတဲ့နေရာတွေမှာ လူကိုယ် တိုင်ဖြစ်စေ၊ Online အသုံးပြုပြီးဖြစ်စေ စားသုံးသူရေးရာဦးစီးဌာနရဲ့ Complaint Website ကနေတစ်ဆင့်ဖြစ်စေ တိုင်ကြားနိုင်တဲ့အပြင် Call Center 1535 ကို ဆက်သွယ်ခေါ်ဆိုပြီးတော့လည်း အလွယ်တကူတိုင်ကြားနိုင်နေပြီဖြစ်ပါတယ်။ စားသုံးသူ ကာကွယ်ရေးဥပဒေကို ဖတ်ရှုလေ့လာခြင်းကြောင့်ရရှိလာမဲ့အကျိုးကျေးဇူးတွေကတော့ စားသုံးသူအခွင့်အရေးအရ တောင်းဆိုနိုင်တဲ့ အချက်အလက်များကို သိရှိခြင်း ၊ စီးပွားရေး ကျင့်ဝတ်မရှိတဲ့ အချို့သောလုပ်ငန်းရှင်များရဲ့ လိမ်လည်လှည့်ဖျားမှုများကို ကာကွယ်နိုင် ခြင်း၊ မိမိတို့ကြုံတွေ့ရသည့် ပြဿနာအရပ်ရပ်ပေါ် မူတည်၍ ရသင့်ရထိုက်သည့် စားသုံးသူအခွင့်အရေးများ တောင်းဆိုနိုင်ခြင်းကဲ့သို့သော အကျိုးကျေးဇူးများစွာကို ရရှိ နိုင်မည်မှာ မလွဲဧကန်ပင်ဖြစ်သည် ။
သို့ဖြစ်ပါ၍ ပြည်သူတိုင်းဟာ စားသုံးသူဖြစ်တယ် စားသုံးသူတိုင်းမှာ စားသုံးသူအခွင့်အရေးရှိတယ်”ထိခိုက်နစ်နာ ဆုံးရှုံးမှုများ ကြုံတွေ့ရပါက ကုစားဖြေရှင်းနိုင်ရေးနဲ့ တိုင်ကြားရမဲ့ နည်းလမ်းများရှိတယ် ဆိုတာကို လူတိုင်းလူတိုင်းသိရှိပါစေကြောင်း စေတနာရှေ့ထားကာ ရေးသားဖော်ပြ လိုက်ရပါတယ်။
DOCA(ရှမ်း)