
ပုသိမ်မြို့နယ်အတွင်းရှိ ဈေးကွက်များတွင် ဒေသထွက် မန်ကျည်းသီးမှည့်များ ဈေးနှုန်း မြင့်မားစွာဖြင့် ရောင်းချလျက်ရှိရာ ဈေးကွက်ဝယ်လိုအား ကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။ ပုသိမ်မြို့နယ်နှင့် ပတ်ဝန်းကျင်ကျေးရွာများတွင် မန်ကျည်းပင်များ အလေ့ကျ ပေါက်ရောက်ပြီး ဒေသခံပြည်သူများက မန်ကျည်းသီးမှည့်ချိန်တွင် ခူးဆွတ်ကာ ရောင်းချ ကြကြောင်း သိရသည်။ မန်ကျည်းသီးမှည့်တွင် အစေ့ပါမန်ကျည်းသီးမှည့်နှင့် အစေ့လွတ် မန်ကျည်းသီး မှည့်ဟူ၍ နှစ်မျိုးရှိပြီး ဈေးကွက်အတွင်း အစေ့လွတ်မန်ကျည်းသီးမှည့်ကို လူကြိုက်များ၍ အရောင်းအဝယ်ပိုဖြစ်ကြောင်း သိရသည်။
ပုသိမ်မြို့နယ်တွင် မန်ကျည်းသီးမှည့်ကို ဝယ်ယူသည့်ပွဲရုံမရှိဘဲ ပုသိမ်မြို့မဈေးများတွင် ရောင်းချကြသလို မြို့နယ်အတွင်းရှိ အကြော်ဆိုင်များ၊ အကင်ဆိုင်များနှင့် စားသောက်ဆိုင်များမှ မန်ကျည်းဆော့ပြုလုပ်ရန် ဝယ်ယူကြကြောင်း သိရသည်။ ဈေးကွက်အတွင်း မန်ကျည်းမှည့်များ ဝင်ရောက်မှု နည်းပါးပြီး ဝယ်လိုအားများနေမှုကြောင့် ဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း သိရသည်။ အစေ့လွတ်မန်ကျည်းသီးမှည့် လက်ကားတစ်ပိဿာ - ၉,၀၀၀ ကျပ်မှ ၉,၅၀၀ ကျပ်၊ အစေ့လွတ်မန်ကျည်းသီးမှည့် လက်လီတစ်ပိဿာ - ၁၀,၀၀၀ ကျပ်မှ ၁၀,၅၀၀ ကျပ် ၊ အစေ့ပါမန်ကျည်းသီးမှည့် တစ်ပိဿာ - ၅,၀၀၀ ကျပ်မှ ၅,၅၀၀ ကျပ် ဖြစ်ပြီး ဈေးနှုန်းများမှာ မန်ကျည်း၏အရည်အသွေး၊ အခြောက်အစိုအခြေအနေနှင့် ရောင်းသည့်နေရာဒေသအလိုက် ကွဲပြားမှုရှိနိုင်ကြောင်း သိရပါသည်။ ဒေသခံစိုက်ပျိုးရောင်းချသူများသည် မိမိတို့၏ထွက်ကုန် များကို ပုသိမ်မြို့အတွင်းရှိ ဈေးများသို့တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)