
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ အေးမြကြည်လင်စျေးနှင့် မြို့မစျေးအတွင်းသို့ မိုးရာသီကာလတွင် နာနတ်သီးများ ဝင်ရောက်မှုများသော်လည်း ယခုချိန်တွင် ဝင်ရောက်မှုနည်းပါးခဲ့ပြီဖြစ်ပါကြောင်း၊ နာနတ်သီးမျိုးများမှာ ဟင်္သာတနိဗ္ဗာန်မျိုး၊ သီပေါမျိုး၊ မြစ်ကြီးနားမျိုး၊ သထုံမျိုးနှင့်ထိုင်ဝမ်နာနတ်တို့ဖြစ်ပြီး အများဆုံးစားသုံးကြသည်မှာ ထိုင်ဝမ်နာနတ် မျိုးဖြစ်ပါကြောင်း၊ နာနတ်ပင်ကို တစ်ဘောင်နှင့်တစ်ဘောင် ငါးပေခြား ပြုပြင်ထားသော စိုက်ဘောင်များပေါ်တွင် တစ်ပင်နှင့်တစ်ပင် နှစ်ပေခြား၍ စိုက်ပျိုးကြပါကြောင်း၊ နာနတ်ပင်သည် စိုက်ပျိုးပြီး (၁၀-၁၂) လသား အရွယ်တွင် ပန်းစတင်ပွင့်ပါကြောင်း၊ ပန်းပွင့်ပြီး (၄-၅)လသားတွင် ခူးဆွတ်ရိတ်သိမ်းကြပါကြောင်း၊ နာနတ်သီးကို ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး၊ ကလောနှင့် အောင်ပန်းမြို့နယ်တို့မှ ခေါက်တိုကားများဖြင့် ဝင်ရောက်လျက်ရှိကြောင်း၊ နာနတ်သီးစျေးနှုန်းအနေဖြင့် ယခင်လတွင် တစ်လုံးလျှင် အကြီး (၂၀၀၀/-)ကျပ်၊ အလတ်(၁၅၀၀/-)ကျပ်၊ အသေး (၁၀၀၀/-)ကျပ်၊ ယခုလတွင် အကြီး (၃၅၀၀/-)ကျပ်၊ အလတ် (၂၂၀၀/-)ကျပ်၊ အသေး (၁၅၀၀/-) ကျပ် စျေးနှုန်းများရှိကြောင်း၊ ယခင်လနှင့် နှိုင်းယှဉ်လျှင် နာနတ်သီးအကြီးတစ်လုံးလျှင် (၁၀၀၀-၁၅၀၀) ကျပ် ဈေးနှုန်းမြင့်တက်လျက်ရှိပါကြောင်း၊ ဈေးများတွင် နာနတ်သီးများ ဝင်ရောက်မှုနည်းပါးသွားပြီဖြစ်၍ ဈေးနှုန်းများလည်း အနည်းငယ်မြင့်တက်လျက်ရှိနေပါကြောင်း၊ နာနတ်သီးတွင် ပါဝင်သော ဗီတာမင်၊ အင်ဇိုင်းနှင့် အန်ဒီအောက်စီဒန့်ဓာတ်များကြောင့် ပင်ပန်းနွမ်းနယ်မှုများကို လျော့နည်းစေခြင်း၊ အရိုးကျန်းမာရေးကောင်းစေခြင်း၊ ကိုယ်ခံစွမ်းအားမြင့်မားစေခြင်း၊ ရောင်ရမ်းမှုနှင့် နာကျင်မှုများကို သက်သာစေခြင်း၊ စွမ်းအင်ထုတ်လုပ်ပေးခြင်း၊ အစာချေစနစ်ကောင်းစေခြင်း၊ သွေးလည်ပတ်မှုကောင်းစေခြင်း၊ နှလုံးကျန်းမာရေးကောင်းမွန်စေခြင်း ရေဓါတ်ဖြည့်တင်းပေးခြင်း၊ သွေးလည်ပတ်မှုကောင်းစေခြင်း၊ အရိုးအကြောသန်မာစေခြင်းနှင့် အစာမကြေရောဂါများကို ပျောက်ကင်းစေခြင်းစသည့် အကျိုးကျေးဇူးများစွာရရှိစေပါကြောင်း၊ နာနတ်သီးစားသုံးရာတွင် ကျန်းမာရေးအတွက် အကျိုးရှိခြင်း၊ အပိုဝင်ငွေရရှိခြင်း၊ ဈေးကွက်အလားအလာရှိခြင်းတို့ကြောင့် နာနတ်သီးစိုက် တောင်သူများအနေဖြင့် တွက်ခြေကိုက်မှုရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)