စားသုံးသူများဘေးကင်းဖို့ ဈေးကွက်စောင့်ကြည့်စို့

Powered by Drupal

   နိုင်ငံအတော်များများနှင့်  အာဆီယံနိုင်ငံများတွင် စားသုံးသူရေးရာကိစ္စများ(Consumer Affairs) ကိုဆောင်ရွက်ရန်အတွက် ကုန်သွယ်ရေးဝန်ကြီး၏ လက်အောက်တွင်ထားရှိ ဆောင်ရွက် လေ့ ရှိကြပါသည်။ ကူးသန်းရောင်းဝယ်ရေး၊ ကုန်သွယ်ရေး စသည့်ကိစ္စတွေ့နှင့် နှီးနွယ်နေသော အကြောင်းရင်းများကြောင့် ဖြစ်ပါသည်။ မြန်မာနိုင်ငံမှာတော့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်အောက်တွင် စားသုံးသူရေးရာဦးစီးဌာန အဖြစ်ဖွဲ့စည်းကာ စားသုံးသူ ကာကွယ်ရေး ဥပဒေအား အကောင်အထည် ဖော်ဆောင်ရွက်ရန် တာဝန်ပေးမှုကို စားသုံးသူရေးရာဦးစီးဌာနရှိ ဝန်ထမ်းအားလုံးမှ အလေးအနက်ထားဆောင်ရွက်လျက် ရှိပါတယ်။

       စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၄ ခုနှစ်တွင် စတင်ပြဌာန်းဆောင်ရွက်ခဲ့ပြီး ပိုမိုအား ကောင်းစေရန် ၂၀၁၉ ခုနှစ် မတ်လ ၁၅ရက်၌ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်(၉) ဖြင့် ပြန်လည်ပြင်ဆင် အတည်ပြုပြဌာန်းကာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ ဥပဒေ တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခု ပါဝင်ပြီး စားသုံးသူနှင့်လုပ်ငန်းရှင်ဆိုပြီးလည်း လူတန်းစား နှစ်ရပ်ပါဝင်ပါတယ်။ ဥပဒေအနေနဲ့ စားသုံးသူအကျိုးစီးပွားအတွက် သီးခြားပြဌာန်း ထားခြင်း မျိုးမဟုတ်ဘဲ လုပ်ငန်းရှင်များဘက်မှလည်း ဥပဒေအားလေးစားလိုက်နာခြင်းဖြင့် အကျိုးစီးပွား ဖြစ်ထွန်းစေရန် ရည်ညွှန်းရေးဆွဲထားပါတယ်။

     စားသုံးသူဆိုတာ ကုန်စည်/ဝန်ဆောင်မှုတွေကို ကုန်သွယ်ရောင်းဝယ်မှုပြုရန် အသက်မွေးဝမ်းကျောင်းပြုရန်မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက် အခြားသူအတွက်ရည်ရွယ်ပြီး ပြန်လည် ရောင်းချခြင်းမဟုတ်ဘဲနဲ့ ဝယ်ယူအသုံးပြုမယ် ရယူမယ် ချေးငှားမယ်၊ နောက် မိဘမဲ့ဂေဟာ၊ ဘိုးဘွားရိပ်သာတွေမှာ ပေးကမ်းထောက်ပံ့ခြင်းခံရသူများလည်းပါဝင်ပါတယ်။ စီးပွားရေး လုပ်ငန်း ရှင်ဆိုတာ ကုန်စည်ကိုထုတ်လုပ်၊ ဖြန့်ဖြူး၊ သိုလှောင်၊ ရောင်းချမယ်၊ သယ်ယူပိုဆောင်မယ်၊ ကုန်စည်ကိုပြုပြင်ထုတ်လုပ်မယ်။ ပြည်ပကိုတင်ပို့မယ်၊ ပြည်တွင်းကိုတင်သွင်းမယ်၊ တစ်ဆင့် ပြန်လည်ရောင်းချမယ်၊ ထောက်ပံ့ပေးမယ်၊ ဝန်ဆောင်မှုလုပ်ငန်း၊ ကြော်ငြာလုပ်ငန်း စတာတွေကို တစ်ဦးချင်း(သို့) အဖွဲ့အစည်းနဲ့ ဆောင်ရွက်သူများပါဝင်ပါတယ်။ (ဥပမာ- ယခုစာဖတ်သူသည် အိမ်မှာအထည်ဆိုင်ဖွင့်ထားတယ်ဆိုပါစို့၊ အထည်ဆိုင်ဖွင့်ထားတယ်ဆိုတော့ စာဖတ်သူအနေနဲ့ လုပ်ငန်းရှင်ပေါ့။ ဒီနေရာမှာ စာဖတ်သူအနေနဲ့ အခြားကုန်စည်တွေဖြစ်တဲ့ ဆန်၊ဆီ၊ဆား၊ ငရုတ်၊ ကြက်သွန် စတာတွေကို ဝယ်ယူသုံးစွဲတဲ့အခါ စာဖတ်သူဟာ စားသုံးသူဖြစ်သွားတယ်။ နောက် ဝန်ဆောင်မှုအနေနဲ့ စာဖတ်သူဟာ အပန်းဖြေခရီးထွက်မယ်ဆိုရင် ဟိုတယ်၊ တည်းခိုခန်း တွေမှာ တည်းလိုက်ပြီဆိုရင်လည်း ဝန်ဆောင်မှုတွေ သုံးစွဲလိုက်တဲ့အတွက် စားသုံးသူပဲ ဖြစ်သွားပါတယ်။ ကုန်စည်/ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲသူသာ စားသုံးသူမဟုတ်သလို ထုတ်လုပ်သူ /ဝန်ဆောင်မှု ပေးသူဟာ တစ်နေရာမှာ စားသုံးသူဖြစ်သွားရပါတယ်။ ဒီတော့ အားလုံးသော လူတိုင်းဟာ စားသုံးသူတွေပဲ ဖြစ်ပါတယ်။

      စားသုံးသူလို့ဆိုလိုက်တာနဲ့ စားသုံးသူကာကွယ်ရေးဥပဒေရဲ့ အခန်း(၉)၊ ပုဒ်မ(၁၉)မှာ စားသုံးသူတွေရရှိရမယ့် အခွင့်အရေးတွေကို ပြဌာန်းထားပါတယ်။ စားသုံးသူအခွင့် အရေးအနေနဲ့(၈)ချက်ရှိပါတယ်။ စားသုံးသူများအတွက် ကုန်စည်(သို့) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှုရရှိစေခြင်း၊ ကုန်စည်(သို့) ဝန်ဆောင်မှုကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရှိခြင်း၊  ကုန်စည်(သို့)ဝန်ဆောင်မှုကို ရွေးချယ် ဝယ်ယူ အသုံးပြုရာတွင် လိုအပ်သောသတင်းအချက်အလက်များ ပြည်စုံမှန်ကန်စွာ သိရှိခွင့်နှင့် ပြေစာ(သို့) အထောက်အထားရယူခွင့်ရှိခြင်း၊ ဈေးကွက်အတွင်းရှိ ကုန်စည်(သို့) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူ စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ခွင့်ရှိခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များတွင် ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့် ရရှိနိုင်စေခြင်း၊ ကုန်စည်(သို့) ဝန်ဆောင် မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ ကုစား ခွင့်ရှိခြင်း၊  ကုန်စည်(သို့)ဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့် အသိပညာဗဟုသုတများ၊ အခွင့် အရေးများနှင့် လိုအပ်သော အချက်အလက်များကို သိရှိလေ့လာနိုင်ခွင့်ရှိခြင်း၊  ပစ္စုပ္ပန် တွင်သာမက အနာဂတ်မျိုးဆက်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ခွင့်ရရှိစေခြင်းတို့ပဲဖြစ်ပါတယ်။

    ထိုအခွင့်အရေး(၈)ချက်ထဲမှ ကုန်စည်နှင့်ဝန်ဆောင်မှုတွေကို စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစွာ အသုံးပြုခွင့်နှင့် ကုန်စည်/ဝန်ဆောင်မှုတွေကို ရွေးချယ်ဝယ်ယူရာမှာ လိုအပ်တဲ့ သတင်းအချက်အလက်တွေကို ပြည်စုံမှန်ကန်စွာသိရှိခွင့် ဆိုပြီး ပါဝင်တဲ့အတွက် စီးပွားရေး လုပ်ငန်းရှင်များမှ မိမိတို့ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေတဲ့ကုန်စည်တွေမှာ လိုအပ်တဲ့ သတင်းအချက် အလက်တွေကို ပြည်စုံမှန်ကန်စွာ ဖော်ပြမယ်ဆိုရင် စားသုံးသူတွေဟာ ဘေးအန္တရာယ်ကင်းရှင်းစွာနဲ့ ကုန်စည်/ဝန်ဆောင်မှုတွေကိုဝယ်ယူအသုံးပြုခွင့် ရရှိမှာပဲဖြစ်ပါတယ်။ စားသုံးသူများ ဘေးကင်းဖို့ ဆိုတာဈေးကွက်ထဲမှာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေတဲ့ ကုန်စည်၊ ဝန်ဆောင်မှုတွေဟာ အရည် အသွေးမြင့်မားပြီး အာမခံချက်အပြည့်အဝရှိတဲ့ ကုန်စည်၊ ဝန်ဆောင်မှုတွေဖြစ်ဖို့ အထူးလို အပ်ပါတယ်။ အဲဒီလိုဖြစ်ဖို့အတွက် စားသုံးသူရေးရာဦးစီးဌာနမှ ဈေးကွက်စောင့်ကြည့် စစ်ဆေးတဲ့ လုပ်ငန်းတွေကို အင်တိုက်အားတိုက် လုပ်ဆောင်လျက်ရှိပါတယ်။ ဒါ့ကြောင့် စားသုံးသူများ ဘေးကင်းဖို့အတွက် ဈေးကွက်ထဲမှာ ဘယ်လိုအချက်တွေနဲ့ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုတွေ ဆောင်ရွက်နေလဲဆိုတာ အားလုံးသော စားသုံးသူတွေသိရှိဖို့အတွက် ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။

     စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ အချို့မှာ " ဘယ်သူသေသေ ငတေမာရင်ပြီးရော" ဆိုပြီး စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းတွေကို မလိုက်နာဘဲ ဖြတ်လမ်းနည်းမျိုးစုံသုံးကာ ဥပဒေကို လက်တလုံးကြားပြုပြီး အတုအပပစ္စည်းတွေကို အတင့်ရဲစွာ ထုတ်လုပ်လာကြပါတယ်။ အဲဒီလို မဖြစ်အောင် စားသုံးသူကာကွယ်ရေးဥပဒေမှာ လုပ်ငန်းရှင်များလိုက်နာရမယ့် တာဝန်များ၊ တားမြစ် ချက်များကို ပြဌာန်းထားပါတယ်။ နောက်လုပ်ငန်းရှင်များအနေနဲ့ မိမိတို့ထုတ်လုပ် ဖြန့်ဖြူး ရောင်းချနေတဲ့ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာ ဖော်ပြပေးရမယ့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အချက်များကို စားသုံးသူ ကာကွယ်ရေးဥပဒေရဲ့ အခန်း(၁၈)မှာပြဌာန်းထားပါတယ်။ ဈေးကွက်အတွင်း စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်ရန် စစ်ဆေးရေးအရာရှိများကို ဥပဒေအရ ခန့်အပ်တာဝန်ပေးအပ်ပြီး ဈေးကွက်မှာရောင်းချနေတဲ့ ကုန်စည်တွေမှာဖော်ပြထားတဲ့ အချက်တွေနဲ့ ဥပဒေအခန်း(၁၈)မှာ ပြဌာန်းထားတဲ့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း အချက်များနဲ့ ကိုက်ညီစွာ ရောင်းချမှုရှိ/မရှိ စစ်ဆေးရေး အရာရှိများက တိုက်ဆိုင်စစ်ဆေးစောင့်ကြည့်မှုတွေကို ဆောင်ရွက်လျက်ရှိပါတယ်။

       ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း အချက်များမှာ ကုန်စည်ရဲ့တံဆိပ် အမှတ်အသား ကို ဖော်ပြပေးရပါမယ်။ စီးပွားရေးလုပ်ငန်းရှင်အနေနဲ့ မိမိတို့ထုတ်လုပ်လိုက်တဲ့ ကုန်စည်ရဲ့ Logo တံဆိပ်အမှတ်အသားကို ဖော်ပြပေးရမှာပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဈေးကွက်ထဲမှာ မိမိရဲ့ကုန်စည်ဟာနာမည်ရလာတဲ့အခါမှာ အတုအပတံဆိပ်တွေေပေါ်လာမှာ ဖြစ်တဲ့အတွက် ဖော်ပြ ပေးရမှာပဲဖြစ်ပါတယ်။ ကုန်စည်ရဲ့အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင် ပမာဏထားသိုသိမ်းဆည်းရန် အညွှန်း၊ သုံးစွဲပုံနည်းလမ်း စတဲ့အချက်တွေကို ဖော်ပြပေး ရမှာ ပဲဖြစ်ပါသည်။ နောက် (၂)အချက်ဟာဆိုလျှင် ထပ်မံပြီး မြန်မာလို မဖြစ်မနေ ဖော်ပြရမှာ ဖြစ်ကြောင်းလည်း ဥပဒေမှာပြဌာန်းထားပါသည်။ အဲဒီလို မြန်မာဘာသာနဲ့ အဖြစ်မနေဖော်ပြရမယ့် အချက်တွေကို မှတ်မိလွယ်အောင် အတိုကောက်လေးဖြစ်သော "မျိုး၊ ရွယ်၊ရေ၊ တင်၊ ထား၊ သုံး" ဟုရေးသားဖော်ပြထားပါသည်။ တစ်ချက်ခြင်းအနေဖြင့် " မျိုး" ဆိုတာကတော့ ကုန်စည်ရဲ့ အမျိုး အမည် ဖြစ်ပြီး မြန်မာလူမျိုးများဖြစ်သည့်အတွက် ကုန်စည်ရဲ့အမျိုးအမည်မှာ ခေါင်းလျှော်ရည်လား၊ ဆံပင်ပေါင်းဆေးလား၊ မျက်နှာသစ်ဆပ်ပြာလား၊ မျက်နှာပေါင်းဆေးလားဆိုတာ ကွဲပြားအောင် မြန်မာလိုမဖြစ်မနေ ဖော်ပြပေးရမှာဖြစ်ပါသည်။ ကုန်စည်မှာ ယိုးဒယားလို၊ အင်္ဂလိပ်လို၊ တရုတ်လိုဖော်ပြထားမယ်ဆိုရင်တော့ မှားယွင်းစွာ သုံးစွဲမှုတွေကြောင့် ဘေးအန္တရာယ် တွေဖြစ်လာ မှာပဲဖြစ်ပါသည်။

     နောက် "ရွယ်၊ ရေ" ဆိုတာကတော့ ကုန်စည်ရဲ့ အရွယ်အစားနဲ့ အရေအတွက် ဖြစ်ပြီး ဘူးကြီးရှိမယ်၊ ဘူးသေးရှိမယ်၊ အရေအတွက်အနေနဲ့ ဘူးကြီးတစ်ခုအတွင်းမှာ အထုပ်သေးလေးတွေ ဘယ်နှစ်ခုပါဝင်တယ် ဆိုတာကို မြန်မာလိုမဖြစ်မနေ ဖော်ပြပေးရမှာဖြစ်ပါသည်။ ဆက်လက်၍ "တင်" ဆိုသည်မှာ ကုန်စည်ရဲ့ အသားတင်ပမာဏအနေနဲ့ ဘယ်လောက်ဂရမ်ပါဝင်တယ်၊ ဘယ်နှစ် လီတာပါဝင်တယ် စသဖြင့် ဖော်ပြပေးမှုများကို ဆိုလိုပါသည်။ နောက် "ထား" ဆိုသည်မှာ ကုန်စည်ရဲ့ ထားသိုသိမ်းဆည်းရန်အညွှန်း အနေနဲ့ ကုန်စည်ကို အေး၍ခြောက်သွေ့သောနေရာ တွင်ထားပါ။ နေရောင်ခြည်တိုက်ရိုက်ကျရောက်မှုမရှိသော နေရာတွင်ထားပါ။ အပူချိန်ဒီဂရီ ဘယ်လောက်တွင် ထားသိုသိမ်းဆည်းပါ စသဖြင့် မြန်မာလိုမဖြစ်မနေ ဖော်ပြပေးရမှာ ပဲဖြစ်ပါသည်။ နောက် "သုံး" ဆိုသည်မှာ ကုန်စည်ရဲ့ သုံးစွဲပုံနည်းလမ်းအနေနဲ့ အချို့အလှကုန်တွေမှာဆိုရင် မျက်လုံးတစ်ဝိုက်ကိုဖယ်ကြဉ်၍ ကျန်မျက်နှာပြင်ကို ညင်သာစွာ ပွတ်လိမ်းပေးပါဆိုပြီး သုံးစွဲပုံနည်း လမ်းတွေကို လမ်းညွှန်ထားတာဖြစ်ပါသည်။ ဝယ်ယူအသုံးပြုတဲ့ စားသုံးသူက မြန်မာစာပဲ ဖတ်တက်ပါတယ်။ ကုန်စည်မှာလမ်းညွှန်ထားတဲ့စာဟာ ယိုးဒယားစာဖြစ်လို့မဖတ်တက်ဘဲ မှာယွင်း စွာ သုံးစွဲမိလို့ ဘေးအန္တရာယ် တစ်စုံတစ်ရာဖြစ်သွားနိုင်တဲ့အတွက် မြန်မာလိုမဖြစ်မနေ ဖော်ပြပေး ရမှာဖြစ်ပါသည်။

      ဆက်လက်၍ ကုန်အညွှန်းအမှတ်အသားဖော်ပြချက် နံပါတ်(၃)အနေနဲ့ ထုတ်လုပ်သည့်ရက်စွဲ ၊သက်တမ်းကုန်ဆုံးရက်စွဲနဲ့ ထုတ်လုပ်မှုအမှတ်စဉ် စတာတွေကို ကုန်စည်မှာ ဖော်ပြပေး ရမှာဖြစ်ပါသည်။ နံပါတ်(၄)အနေနဲ့ ပြည်တွင်းသို့ တင်သွင်းလာတဲ့ ကုန်စည်ဆိုရင် တင်သွင်းသူရဲ့ အမည်နဲ့လိပ်စာ၊ ပြည်တွင်းမှာထုတ်လုပ်တဲ့ ကုန်စည်ဆိုရင်လည်း ထုတ်လုပ်တဲ့ လုပ်ငန်း အမည်နဲ့လိပ်စာစတာတွေကို ဖော်ပြပေးရမှာပဲဖြစ်ပါသည်။ နံပါတ်(၅)အနေနဲ့ ပြည်ပမှ ကုန်စည်များ တင်သွင်းပြီး ပြန်လည်ထုတ်ပိုးဖြန့်ဖြူးရောင်းချတဲ့ ကုန်စည်ဆိုရင်လည်း ပြန်လညထုတ်ပိုး တဲ့နေရာကို ဖော်ပြပေးရမှာပဲဖြစ်ပါသည်။ နံပါတ်(၆) အနေနဲ့ ကုန်စည်ပါဝင် ကုန်ကြမ်းပစ္စည်း အမျိုးအမည်များနဲ့ ပါဝင်မှုပမာဏအချိုးအစားများကို ဖော်ပြပေးရမှာဖြစ်ပါသည်။ နံပါတ်(၇)အနေနဲ့ ကျန်းမားရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်နဲ့ ကြိုတင်သတိပေးချက် စတာတွေကိုဖော်ပြပေးရမှာဖြစ်ပြီး နံပါတ်(၇) အချက်ဟာလည်း ရှေ့မှာရေးသားဖော်ပြခဲ့တဲ့ နံပါတ်(၂)အချက်လို ထပ်မံပြီး မြန်မာလိုမဖြစ်မနေ ဖော်ပြပေးဖို့ဥပဒေမှာပြဌာန်းထားပါသည်။ ဒီတစ်ခါမှာလည်း 'ဘေး၊ ဓါတ်၊ ကြို' ဆိုပြီး အတိုကောက်လေးနဲ့ ဖြစ်ပြီး 'ဘေး' ဘေးထွက် ဆိုးကျိုးအနေနဲ့ ဥပမာ- သွေးကျဆေးတွေမှာဆိုရင် ဒီသွေးကျဆေးကိုသောက်လိုက်မယ်ဆိုရင် ဆီးမကြာခဏသွားမယ်၊ ခြေထောက်ကြွက်တက်မယ်၊ ခြေဖျားလက်ဖျားတွေအေးနေမယ်စတဲ့ ဘေးထွက်ဆိုးကျိုးတွေတော့ ဖြစ်နိုင်ပါတယ်ဆိုပြီး ဖော်ပြပေးသလိုပဲ 'ဓါတ်' ဓါတ်မတည့် ကြောင်း ဖော်ပြချက်အနေနဲ့ မြေပဲနှင့် ဓါတ်မတည့်သူများ စားသုံးရန် မသင့်ပါဆိုတဲ့ ဖော်ပြချက် မျိုးတွေ၊ နောက် 'ကြို' ကြိုတင်သတိပေးချက်အနေနဲ့လည်း ၁၂နှစ်အောက်များဤဆေးကို မသောက်သုံးရပါ။ နာတာရှည်ကျောက်ကပ်ရောဂါ ခံစားနေရသူများ ဤဆေးကိုမသောက်သုံးသင့်ပါ စတဲ့ ဘေး၊ ဓါတ်၊ ကြို အချက်တွေကို လုပ်ငန်းရှင်တွေအနေနဲ့ မိမိတို့ထုတ်လုပ်ဖြန့်ဖြူးရောင်းချမယ့် ကုန်စည် အမျိုးအစားအလိုက် မဖြစ်မနေ မြန်မာလို ဖော်ပြပေးရမှာပဲဖြစ်ပါသည်။ နံပါတ်(၈)အနေနဲ့ သက်ဆိုင်ရာအစိုးရဌာနများက ဖော်ပြရန်သတ်မှတ်ထားတဲ့ အချက်အလက်များကို ဖော်ပြပေးရမှာ ပဲဖြစ်ပါသည်။

          အခုရေးသားသွားတဲ့ အချက်(၈)ချက်နဲ့ မကိုက်ညီတဲ့ ကုန်စည်တွေကို ဘယ်လုပ်ငန်းရှင်မဆို ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းများမပြုလုပ်ရ၊ ပြုလုပ်ခဲ့လို့ ဌာနမှခန့်အပ်ထားတဲ့ စစ်ဆေးရေး အရာရှိတွေကနေ ဈေးကွက်ထဲမှာစောင့်ကြည့်စစ်ဆေးတာကိုတွေ့ခဲ့ရင် စီမံခန့်ခွဲရေး နည်းလမ်းများ အရ အရေးယူမှုတွေကို ဆောင်ရွက်သွားမှာပဲဖြစ်ပါသည်။ ကုန်အညွှန်းဖော်ပြချက် (၈)ချက်ထဲမှ 'မျိုး၊ ရွယ်၊ ရေ၊ တင်၊ ထား၊ သုံး၊ ဘေး၊ ဓါတ်၊ ကြို' ဆိုတဲ့ မြန်မာလို မဖြစ်မနေဖော်ပြရမယ့်အချက်တွေကို ဈေးကွက်ထဲမှာ စောင့်ကြည့်စစ်ဆေးတဲ့အခါ ဖော်ပြမထားဘူးဆိုရင်လည်း ဥပဒေရဲ့ ပုဒ်မ (၇၃)အရ ထောင်ဒဏ်(၂)နှစ်ဖြစ်စေ ကျပ်သိန်း(၂၀၀)ကိုဖြစ်စေ၊ ဒါမှမဟုတ် ဒဏ်(၂)ရပ်စလုံးကိုဖြစ်စေ ချမှတ်အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါသည်။

      စားသုံးသူများဘေးကင်းဖို့အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ ဆောင်ရွက်သလို ကုန်စည်/ဝန်ဆောင်မှုနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်နဲ့ သတိပေးချက်တွေကို ဌာနရဲ့ Website ဖြစ်တဲ့ www.doca.gov.mm မှာ ဘေးအန္တရာယ်ရှိစေတဲ့ ကုန်စည်ရဲ့ ထုတ်လုပ်သည့်နိုင်ငံ၊ ကုန်အမှတ်တံဆိပ်၊ အမျိုးအစား၊ ထုတ်လုပ်မှုအမှတ်စဉ်၊ အန္တရာယ်ဖြစ်စေနိုင်သောပုံစံ၊ အသိပေး ချက်၊ ထုတ်ပြန်သည့်နိုင်ငံ၊ အဆင့်သတ်မှတ်ချက် စတဲ့အချက်တွေကို ဝင်ရောက်ကြည့်ရှုပြီး ရှောင်ရှားသုံးစွဲနိုင်မှာဖြစ်သဖြင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ကို ရရှိမှာဖြစ်ပါသည်။

    ထို့ပြင်ဌာနမှဖွင့်လှစ်ထားသော Consumer Call Centre နံပါတ်ဖြစ်တဲ့ ၁၅၃၅ကို ဖုန်းဆက် ၍ဖြစ်စေ၊ တိုင်း/ပြည်နယ်/ခရိုင်ရုံးတွေမှာ ဖွင့်လှစ်ထားတဲ့ (CICC) Consumer Information & Complaint Center (စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ) များမှဖြစ်စေ၊ ကိုယ်တိုင်သွားရောက်၍ဖြစ်စေ၊ ဖုန်းနံပါတ်များကိုဖုန်းဆက်၍ စားသုံးသူကာကွယ်ရေး အသိပညာပေး သတင်းအချက်အလက်များကို သိရှိရယူနိုင်ပါသည်။

   စားသုံးသူများအနေဖြင့် အထက်တွင်ရေးဖော်ပြခဲ့တဲ့ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အချက်အလက်များ ပြည့်စုံစွာဖော်ပြခြင်းမရှိသော ကုန်စည်များကိုဝယ်ယူသုံးစွဲခြင်းမပြုရန်၊ ရရှိလာ သောသတင်းအချက်အလက်များ မှန်ကန်မှုရှိ/မရှိသုံးသပ်ပြီး လမ်းညွှန်ချက်များအတိုင်း တိတိကျကျ လိုက်နာရန်လိုအပ်ပါသည်။ စားသုံးသူများဘေးကင်းဖို့ အရည်အသွေးမြင့်မားပြီး အာမခံချက်ရှိတဲ့ ကုန်စည်၊ ဝန်ဆောင်မှုတွေကို သုံးစွဲနိုင်ရေးအတွက် အစိုးရဌာနများ၊ လုပ်ငန်းရှင်များ၊ စားသုံးသူများ ဟန်ချက်ညီညီ အလေးအနက်ထားဆောင်ရွက်ကြရန် လိုအပ်မှာဖြစ်ကြောင်း တိုက်တွန်း ရေးသား တင်ပြလိုက်ပါသည်။

DOCA(ပဲခူး)