( ၁၈.၁၁.၂၀၂၂ ) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် ၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်းကာ လူကုန်ကူးမှု အန္တရာယ်တားဆီးကာကွယ်ရေးနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဒု-ဦးစီးမှူး ဒေါ်ယဉ်ယဉ်ထွေးမှ စားသုံးသူကာကွယ်ရေးနှင့်သက်ဆိုင်သော အကြောင်းအရာများအား အသိပညာပေးဆွေးနွေးခြင်း၊ ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချလျက် ရှိသော မုန့်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ကိုက်ညီမှုရှိ /မရှိ လိုက်လံစစ်ဆေးခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နီနီဝင်းက လူကုန်ကူးမှုအန္တရာယ်နှင့်ပတ်သက်သော အကြောင်းအရာများအား ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၄၅၆) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)