
မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာခရိုင်အတွင်း မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များတွင် ဆီထွက်သီးနှံဖြစ်သည့် မြေပဲ၊ နှမ်း၊နေကြာကို မိုး၊ ဆောင်းရာသီနှစ်မျိုးလုံးစိုက်ပျိုးကြပြီး ထွက်ရှိသော သီးနှံများကို ရာသီချိန်တွင်ဒေသတွင်း စားသုံးမှုအတွက်ကြိတ်ခွဲထုတ်လုပ်ကြသည့် အပြင်ရန်ကုန်၊ မန္တလေးမြို့များသို့တင်ပို့ရောင်းချကြကြောင်း၊ ယခုအခါပဲဖတ်၊ နှမ်းဖတ်ဈေးနှုန်းများမြှင့်တက်လာသဖြင့် ဆီစက်များကြိတ်ခွဲထုတ်လုပ်မှုများလာကြောင်း သိရှိရပါသည်။
ယခုဇန်နဝါရီလ တတိယပတ်တွင် နှမ်းညိုတစ်တင်း လျှင်(၉၅၀၀၀-၉၇၅၀၀) ကျပ်၊ နှမ်းဖြူ တစ် တင်းလျှင်(၉၅၀၀၀-၁၀၀၀၀၀)ကျပ်၊နှမ်းဆီတစ်ပိဿာလျှင် (၁၄၀၀၀-၁၅၀၀၀) ကျပ်၊ နှမ်းဖတ် တစ်ပိဿာ လျှင် (၄၈၀၀-၄၈၅၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်လနှင့်ကာလ တူနှိုင်းယှဉ်လျှင် နှမ်းညိုနှင့် နှမ်းဖြူ တစ်တင်းလျှင်(၈၀၀၀-၉၀၀၀)ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင်(၅၀၀-၁၀၀၀)ကျပ်ခန့်မြင့်တက်လာကြောင်း၊ နှမ်းဖတ်တစ်ပိဿာလျှင် (၂၀၀-၂၅၀)ကျပ်ခန့်မြင့်တက်လျက်ရှိကြောင်း၊ ဈေးနှုန်းမြင့်တက်လာရခြင်းမှာ နှမ်းဖတ်ဈေးများမြင့်တက်လာ၍ ဆီစက်လုပ်ငန်းများ အဝယ်လိုက်လာခြင်းကြောင့်ဖြစ်ကြောင်း သိရပါသည်။
ဈေးကွက်အတွင်း၌မြေပဲလုံးဆံ တစ်ပိဿာလျှင် (၁၁၇၀၀)ကျပ်၊ ဆီဆန်တစ်ပိဿာလျှင် (၁၀၅၀၀)ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် (၁၆၀၀၀-) ကျပ်၊ ပဲဖတ်တစ်ပိဿာလျှင် (၇၂၅၀-၇၃၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ယခင်လနှင့်ကာလတူနှိုင်းယှဉ်လျှင် မြေပဲလုံးဆန်နှင့် ဆီဆန် တစ်ပိဿာလျှင်(၂၅၀၀)ကျပ်၊ပဲဖတ်တစ်ပိဿာလျှင်(၅၀၀)ကျပ်ခန့်ဈေးနှုန်းမြှင့်တက်လာကြောင်း၊ ဈေးနှုန်းမြင့်တက်လာရခြင်းမှာ ဈေးကွက်အတွင်းပဲဖတ်ဈေးနှုန်းများမြှင့်တက်လာခြင်းကြောင်း ဖြစ်သည်ဟု သိရှိရပါသည်။
ဈေးကွက်အတွင်း၌ နေကြာစေ့တစ်ပိဿာလျှင် (၇၀၀၀)ကျပ်ရှိပြီး၊ နေကြာဆီ တစ်ပိဿာလျှင် (၁၉၀၀၀)ကျပ်၊ နေကြာဖတ်တစ်ပိဿာလျှင် (၃၆၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်လနှင့်ကာလတူနှိုင်းယှဉ်လျှင် ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
