မြိတ်ဒေသထွက် တန်ဖိုးမြှင့်ထုတ်ကုန် အုန်းပျိုဆီ(Virgin Coconut Oil)

Powered by Drupal

တနင်္သာရီတိုင်းဒေသကြီးရှိ မြိတ််မြို့သည် ပင်လယ်ရေဝန်းရံလျက်ရှိသော ကျွန်းစုမြို့ဖြစ်သော ကြောင့် ရေ ထွက်ကုန်ပစ္စည်းများဖြင့် ထင်ရှားသော်လည်း အခြားသောထွက်ကုန်များဖြင့်လည်း လူသိများထင်ရှားပါသည်။ အဆိုပါထွက်ကုန်များထဲတွင် ကျန်းမာရေးအတွက်များစွာ အထောက် အကူပြုသော အုန်းပျိုဆီသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ အုန်းပျိုဆီဆိုသည်မှာ သာမန် အုန်းဆီများသကဲ့သို့ အလွယ်တကူရှိသော အုန်းသီးခြောက် များအား ခွဲခြမ်းနေလှန်းအဆီကြိတ်၍ရရှိ သော အုန်းဆီမျိုးမဟုတ်ဘဲ မြိတ်ကျွန်းစုကမ်းခြေများ၏ မြေဆီလွှာများတွင် သဘာဝအတိုင်းပေါက် ရောက်နေသော အုန်းသီးများထဲမှ သက်တမ်း ၁၂လမှ ၁၃လ အရွယ်ရှိသော အုန်းသီး များကို စနစ်တကျရွေးချယ်ပြီး Cold-Pressed နည်းပညာဖြင့် ထုတ်လုပ်ထားသည့် အုန်းဆီကိုဆိုလိုပါသည်။

          အုန်းပျိုဆီအားထုတ်လုပ်ရန်အတွက် အုန်းပင်အမျိုးအစားရွေးချယ်ရာတွင် (က) နှစ်ရှည် အုန်းပင် (အပင်ပုမျိုးမရပါ)၊ (ခ)သဘာဝမြေဆီမြေသားဖြင့် စိုက်ပျိုးသည့်အုန်းပင်၊ (ဂ)ဓာတ်မြေသြ ဇာအသုံးပြုသည့် သီးနှံစိုက်ခင်း များမရှိသည့် အုန်းခြံများနှင့် အော်ဂဲနစ်အုန်းပင်များမှ ထွက်ရှိလာ သော အုန်းသီးများကိုသာ စနစ်တကျအသုံး ပြုရပါသည်။ အဆိုပါအုန်းပင်များမှထွက်ရှိလာသော သက်တမ်းအားဖြင့် ၁၂လ မှ ၁၃လထိ အရွယ်ရောက်ပြီး အုန်းသီးများ၊ အရည်ကောင်းစွာလှုပ်ပြီး အခွံမာအညိုရောင်(သို့) အနက်ရောင်ရှိအုန်းသီးများ၊ လတ်ဆတ်သော အုန်းသီးများ (ခူးဆွတ်ပြီး နှစ်ပတ်)အား ရွေးချယ်အသုံးပြုရပါသည်။ နေလှန်းအခြောက်ခံအုန်းသီးများ၊ အစို့ထွက် အညှောက် ပေါက်နေသောအုန်းသီးများ၊ အုန်းရည်စိမ့်ထွက်နေသည့်အသီးများနှင့် တလထက်ပို၍ သိုလှောင်ထား သည့်အုန်းသီးများဖြင့် အုန်းပျိုဆီထုတ်လုပ်၍မရကြောင်း သိရှိရပါသည်။ မြိတ််ဒေသ၌ အုန်းပျိုဆီ ထုတ်လုပ်ရာတွင် မလိကျွန်းမှထွက်ရှိသော အုန်းသီးများကိုသာ အဓိကအသုံးပြုကြောင်းသိရှိရသည်။

      ရွေးချယ်ထားသော စံနှုန်းမှီအုန်းသီးများကို အတွင်းအခွံမာခွာထုတ်ပြီး အုန်းသားမခြစ်မှီအချိန် ထိ လေထုအပူချိန်သက်ရောက်မှုမရှိစေရန်် အုန်းသားများကို ရေစိမ်ထားရှိရသည်။ ထိုနောက် အုန်းသားခြစ်ခြင်း၊ အုန်းနို့ညှစ်ခြင်းလုပ်ငန်းစဉ်များ တဆင့်တည်းလုပ်ဆောင်ပြီး  ဃမနောခွဲစက် အသုံးမပြုမှီထိ အုန်းနို့မွေစက်ဖြင့် အုန်းနို့အားမွေပေးထား၍ ရရှိလာသောအုန်းနို့များကို ဃမနော Creamဖြင့်ခရမ်ခွဲထုတ်ပြီး ရရှိလာသည့် အုန်းနို့ခရမ်များအား အေးခဲစေရန်အတွက် ရေခဲသေတ္တာထဲ တွင် ၂၄ နာရီကြာထားရှိရသည်။ အေးခဲနေသည့် အုန်းနို့ခရမ်များကို ရေနွေးငွေ့အပူချိန် ၃ဝ ဒီဂရီစစ်စီယပ်ဖြင့် အရည်ပျော်စေခြင်းဖြင့် အုန်းပျိုဆီကိုရရှိသည်။ ရရှိလာသည့် အုန်းပျိုဆီများကို ငွေ့ရည်ထုတ်စက်ဖြင့် အခြောက်ခံခြင်း၊ စကာစစ်ခြင်း၊ အနည်ချခြင်းစသည်များ အဆင့်ဆင့်လုပ် ဆောင်ပြီးပါက အုန်းပျိုဆီ Cream Separator ကို ရရှိမည်ဖြစ်သည်။ ထိုသို့ထုတ်လုပ်ထားသော အုန်းပျိုဆီသည် ဓာတုပစ္စည်းသုံးစွဲခြင်းမရှိသောကြောင့် အပူချိန် ၂၇ ဒီဂရီစစ်စီယပ်အထက်တွင် ကြည်လင်သော အရည်အဖြစ် ပုံဆောင်မည်ဖြစ်ပြီး ၂၂ ဒီဂရီစစ်စီယပ်တွင် ခရမ်အဖြစ်ပုံဆောင် နေမည်ဖြစ်သည်။

                         အုန်းပျိုဆီကို ကျောက်ကပ်ပိုးဝင်ခြင်း၊ အပူလောင်ခြင်းနှင့် အဆစ်အမြစ်ရောင်ရမ်းခြင်း၊ ဝမ်းတွင်းပြည် တည်အနာများ၊ သွားဖုံးရောဂါ၊ ဆီးချိုရောဂါများအတွက်သာမက အဝလွန်သူများနှင့် ကျန်းမာရေးအတွက် အဆီချ လိုသူများလည်း အသုံးပြုနိုင်ကြောင်းလေ့လာသိရှိရပါသည်။ ယခင်က အုန်းသီးကို သဘာဝခေါင်းလိမ်းဆီနှင့် မုန့်လုပ်ငန်းအတွက်သာ အသုံးပြုခဲ့ကြသော်လည်း ယခုအခါ တွင် အုန်းသီးကို အခြေခံကာ တန်ဘိုးမြှင့်ထုတ်ကုန်များ၊လူတို့အတွက်လိုအပ်သောကျန်းမာရေးထုတ်ကုန်များ၊အဟာရဖြည့်ထုတ်ကုန်များ၊အခြေခံစားကုန်များအဖြစ် အမြောက်အမြား ထုတ် လုပ်လျှက်ရှိသောကြောင့် အုန်းသီးစိုက်ပျိုးသူတောင်များအတွက် ဝင်ငွေကောင်းလျက်ရှိသည်။ မြိတ််ဒေသမှထွက်ရှိသော အုန်းပျိုဆီများကို ၁ဝဝ မီလီလီတာ တစ်ဗူးလျှင် ၉ဝဝဝကျပ်၊ ၃ဝဝမီလီ လီတာ တစ်ဗူးလျှင် ၂၇ဝဝဝကျပ်၊ ၅ဝဝ မီလီလီတာ တစ်ဗူးလျှင် ၄၅ဝဝဝကျပ်၊ ၁ဝဝဝ မီလီလီတာ တစ်ဗူးလျှင် ၉ဝဝဝဝ ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)