မိတ္ထီလာဈေးကွက်တွင် နေ့လှည့်စေ့ (ဂျက်စေ့) အရောင်းအဝယ်ဖြစ်

Powered by Drupal

             မိတ္ထီလာမြို့ရှိ သီးနှံစုံပွဲရုံများတွင် ဒီဇင်ဘာလကုန်ပိုင်းမှစ၍ နေလည့်စေ့(ဂျက်စေ့) များဝင်ရောက်လာရာ ဇန်နဝါရီလတွင် ဈေးကွက်အဝင်လှိုင်လာကြောင်း သိရသည်။ နေလှည့်စေ့(ဂျက်စေ့) အပင်မှာ ပေါင်းပင်အနေဖြင့် သီးနှံစိုက်ခင်းများတွင် ရှင်သန်ဖြစ်ထွန်းပြီး နှစ်စဉ် ဒီဇင်ဘာ၊ ဇန်နဝါရီလများတွင် ရိတ်သိမ်းရောင်းချလေ့ရှိပါသည်။ ပေါင်းပင်အနေဖြင့် ရှင်သန်ဖြစ်ထွန်းသော နေလှည့်စေ့(ဂျက်စေ့) အပင်ကို ဈေးကွက်၌ ဝယ်လိုအားရှိပြီး ဈေးကောင်းရသည့်အတွက် ယခုနောက်ပိုင်း သာစည်မြို့နယ်တွင် စီးပွားဖြစ်အခင်းလိုက် သီးသန့်စိုက်ပျိုးလာသော်လည်း မိတ္ထီလာခရိုင်အတွင်းရှိ ကျန်မြို့နယ်များမှာ သီးသန့်စိုက်ပျိုးမှုမရှိဘဲ ပေါင်းရှင်းမှုနည်းသည့် ပဲစင်းငုံစိုက်ခင်းများမှသာ သီးနှံရိုက်သိမ်းပြီးချိန်၊ နေလှည့်စေ့(ဂျက်စေ့) ရင့်မှဲ့ချိန် ဒီဇင်ဘာ၊ ဇန်နဝါရီလများမှသာ ရိတ်သိမ်းရောင်းချလေ့ရှိပါသည်။

           မိတ္ထီလာဈေးကွက်တွင် ယခုနှစ် နေလှည့်စေ့(ဂျက်စေ့)ကို ဒီဇင်ဘာလ ပေါ်စအချိန်က တစ်ပိဿာ (၅၀၀၀)ကျပ် ဖြင့်ရောင်းချခဲ့ရပြီး ယခု ဇန်နဝါရီလ နောက်ဆုံးပတ်တွင် တစ်ပိဿာ (၆၃၀၀-၆၈၀၀)ကျပ်ဈေးရှိပါသည်။ ယခင်နှစ်က တစ်ပိဿာ (၁၂၀၀၀)ကျပ်ထိ ဈေး ကောင်းရခဲ့ပြီး ယခုနှစ်တွင် ယခင်နှစ်၏ တစ်ဝက်ဈေးသာရှိသော်လည်း စရိတ်ကုန်ကျရန်မလိုသောပေါင်းပင်မှ ရရှိသည့် အကျိုးအမြတ်ဖြစ်သည့်အတွက် လာမည့်နှစ်တွင် စီးပွားဖြစ်စိုက်ပျိုးရန်ရည်မှန်းထားကြောင်း နေလှည့်စေ့(ဂျက်စေ့) ရောင်းချသည့်တောင်သူများထံမှ သိရသည်။

          နေလှည့်စေ့(ဂျက်စေ့)ကို အင်ဂျင်ဝိုင်ထုတ်လုပ်ရန် ပြည်ပဝယ်လိုအားရှိသည့်အတွက်‌ ဒေသတွင်းဝယ်လက်များက ဝယ်ယူစုဆောင်းကြပြီး တရုတ်နိုင်ငံသို့ အမယ်သစ်ပို့ ကုန်အနေဖြင့်တင်ပို့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)