
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်သည် ဆည်ရေသောက်ဒေသတစ်ခုဖြစ် သောကြောင့် မြို့နယ်အတွင်းရှိ လေးအိမ်စု၊ မန်ကျည်းစု၊ ညောင်ပင်ဝိုင်း၊ ထူးပေါက်၊ အင်းကုန်း ကျေးရွာများတွင် စပါး၊ ကုလားပဲ၊ နှမ်း၊ ကြက်သွန်နီ၊ နေကြာသီးနှံ စသည့် သီးနှံစုံ အောင်မြင် ဖြစ်ထွန်းလျက်ရှိရာ ယခုအချိန်ဖေဖော်ဝါရီလတွင် စီးပွားဖြစ်စိုက်ပျိုးထားသော ဇော်မွှားကြက်သွန်နီ ဥစိုက်များစတင်ထွက်ပေါ်လျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၊ လေးအိမ်စုကျေးရွာတွင် တောင်သူ(၄၀)ဦးမှ ကြက်သွန်နီ ဧက(၁၅၀)ခန့် စိုက် ပျိုးထားကြောင်း၊ ၎င်းအနေဖြင့် ၂၀၂၅ခုနှစ်၊ အောက်တိုဘာလတွင် ကြက်သွန်နီ (၂)ဧကကို စိုက် ပျိုးပြီး ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင်တူးဖော်လျက်ရှိကြောင်း၊ ကြက်သွန်နီ(၁)ဧကလျှင် မျိုး(၃)ပြည်ခန့် ကုန်ကျပြီး မျိုး(၁)ပြည်လျှင် ကျပ်(၁၀၀၀၀၀)ဖြင့် ဝယ်ရကြောင်း၊ ဘောင်တင်ပြီး အလျား(၆)တောင်၊ အနံ(၂) တောင်ခန့် အကွက်ဆွဲ၍ စိုက်ပျိုးကြောင်း၊ မျိုးဘိုး၊ ထွန်ယက်ခ၊ မြေပြုပြင်ခ၊ အခြားသွင်းအားစု အပါအဝင် ကျပ်(၃၀)သိန်းခန့် ကုန်ကျကြောင်း၊ (၁)ဧကလျှင် ပိဿာချိန် (၅၀၀၀)ခန့် ထွက်ရှိပြီး (၁) ပိဿာလျှင် ကျပ်(၂၀၀၀)ဖြင့် လက်ကားရောင်းချရ၍ အကျိုးအမြတ်အနေဖြင့် ကျပ်(၇၀)သိန်း ရရှိကြောင်း၊ ယခုနှစ်တွင်ဈေးကောင်းရရှိသဖြင့် ကြက်သွန်နီစိုက်တောင်သူများ အနေဖြင့် တွက်ခြေ ကိုက်ကြောင်း၊ ယခင်နှစ်က ကုန်ကျစရိတ်နှင့် အထွက်နှုန်းမှာ ယခုနှစ်အတိုင်း ဖြစ်သော်လည်း ဈေး နှုန်းမှာ (၁)ပိဿာလျှင် ကျပ်(၁၅၀၀)ဖြင့် သာ ရောင်းချခဲ့ရ၍ အကျိုးအမြတ်အနေဖြင့် ကျပ် သိန်း(၄၅)ခန့်ရရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် ပွင့်ဖြူမြို့ပေါ်ရှိ ကြက်သွန်နီဒိုင်များနှင့် မကွေး၊ မင်းဘူး၊ မင်းလှမြို့များသို့ တင်ပို့ရောင်းချကြောင်း လေးအိမ်စုကျေးရွာရှိ တောင်သူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(မကွေး)
