
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်း ထောပတ်ပဲဈေးကွက်မှာ ယခုအပတ်အတွင်း ဈေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်း သိရသည်။ ဒေသခံကုန်သည်များ၏ ပြောကြားချက်အရ ယခင်အပတ်တွင် ထောပတ်ပဲ တစ်တင်းလျှင် ကျပ် ၁၂၅၀၀၀ မှ ၁၂၇၀၀၀ ဝန်းကျင်သာ အရောင်းအဝယ်ဖြစ်ခဲ့သော်လည်း ယခုအပတ်တွင် ကျပ် ၁၃၂၀၀၀ မှ ၁၃၄၀၀၀ ဝန်းကျင်အထိ မြင့်တက်လာကြောင်း သိရသည်။
မန္တလေးဈေးကွက်တွင်လည်း ထောပတ်ပဲ ဝယ်လိုအားမြင့်တက်လာခြင်း၊ ဝင်ရောက်လာသည့်ထောပတ်ပဲ ပမာဏနည်းပါးလာခြင်းနှင့် ပြည်ပတင်ပို့မှုအတွက် ဝယ်ယူစုဆောင်းမှုများ ရှိလာခြင်းတို့ကြောင့် ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်း ကုန်သည်များက သုံးသပ်ကြသည်။ ယခုအပတ် ဈေးနှုန်းမြင့်တက်ရသည့် အဓိကအကြောင်းအရင်းမှာ လက်ကျန်ပစ္စည်းနည်းပါးလာခြင်း၊ ပို့ကုန်ဝယ်လိုအားတိုးလာခြင်းနှင့် မန္တလေးဈေးကွက်မှ အဝယ်သမားများ ပိုမိုဝယ်ယူလာခြင်းတို့ကြောင့် ဖြစ်သည်။ ထို့ပြင် မိုးရာသီမတိုင်မီ လက်ဝယ်ရှိသီးနှံများကို ထုတ်ရောင်းသူနည်းပါးလာခြင်းကလည်း ဈေးနှုန်းမြင့်တက်လာရခြင်းဖြစ်ကြောင်း သိရသည်။
ဈေးကွက်အခြေအနေအရ မန္တလေးဈေးကွက်တွင် ဝယ်လိုအားဆက်လက်ကောင်းမွန်နေပါက ကန့်ဘလူဈေးကွက်တွင်လည်း ထောပတ်ပဲဈေးနှုန်းမှာ အတက်ဘက်၌ ဆက်လက်တည်ရှိနိုင်ကြောင်း သုံးသပ်ရသည်။ သို့သော် လက်ကျန်ပစ္စည်းများ အများအပြား ဈေးကွက်သို့ ဝင်ရောက်လာပါက ဈေးနှုန်းအနည်းငယ် ပြန်လည်တည်ငြိမ်နိုင်ကြောင်း ကုန်သည်များက ခန့်မှန်းထားကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
