ကသာလိုင်ချီးသီးများ မန္တလေးဈေးကွက်သို့ အဓိကတင်ပို့ တောင်သူများ ဝင်‌ငွေရနေ

Powered by Drupal

            ကသာခရိုင်၊ ကသာမြို့၏ အရေးပါသော သစ်သီးဝလံ သီးနှံထွက်ကုန်တစ်မျိုးဖြစ်သော လိုင်ချီးသီး(lychee) သည် နှစ်စဥ် ဇွန်လဆန်းမှစ၍ မြို့နယ်တွင်း စိုက်ခင်းများမှ ကသာမြို့ပေါ်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိပါသည်။ ကသာလိုင်ချီးသီးသည် အပြင်အခွံအနီရောင်၊ ပန်းရောင်၊ အဝါရောင်ဖြင့် စားချင်စဖွယ်ဖြစ်ပြီး အခွံခွာလိုက်လျှင်  အတွင်းသားဖြူဖြူ အသားထူထူဖြင့် အနံ့မွှေးအရသာချိုသောကြောင့် ဈေးကွက်တွင်ဝယ်လိုအား ကောင်းလှပါသည်။

          စိုက်ခင်းများမှ ကသာမြို့ပေါ်ဈေးကွက်အဝယ်ဒိုင်များသို့ လိုင်ချီးသီးတောင်သူများ အလုံးအရင်းနှင့် တင်ပို့ရောင်းချကြသည်။ မြို့ပေါ်အဝယ်ဒိုင်များမှ လိုင်ချီးသီးများအားစုစည်းပြီး အဝကျယ်ဝါးချင်းတောင်းများအား အင်ဖက်များဘေးကာလျက် ထည့်သွင်းထုတ်ပိုးပြီး မန္တလေးသို့ အဓိကတင်ပို့ပြီး ရန်ကုန်၊ မြစ်ကြီးနား ဈေးကွက်သို့လည်းတင်ပို့ရောင်းချကြကြောင်း သိရသည်။

          လိုင်ချီးသီးစိုက်ပျိုးထားသည့် ဝဲကြီးရွာမှ ဦးလှရှင်းက "ကျွန်တော်လိုင်ချီးသီး နှစ်ဧက စိုက်ထားပါတယ်၊ တစ်ဧကမှ အပင်(၆၀)နှင့် ၁၅ပေ ခြား နှုန်းစိုက်ပျိုးထားပါတယ်၊ ကိုင်းကူးပျိုးပင် စိုက်တာ (၈)နှစ်သားရှိပြီး အပင်အမြင့် ၈ ပေနှင့် ၁၀ ပေရှိပါတယ်။ စိုက်ပြီး ၅ နှစ်သားမှာ စသီးပါတယ်။ တစ်ပင်ကိုပျှမ်းမျှ ပိဿာ ၃၀နှင့် ၅၀ ကြားထွက်ပါတယ်။ အပင် ၆၀ မှာ ပိဿာ ၁၀၀၀ ကျော်ထွက်ပါတယ်။ ခူးဆွတ်ပြီးအသီးများကို ကသာအဝယ်ဒိုင်သို့သွင်းပြီး ကသာဈေးကွက်တွင် တစ်ပိဿာ ၅၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိပါကြောင်း၊  လုပ်သားခ၊ သယ်ယူပို့ဆောင်ခ၊ သွင်းအားစုဆေးခများနုတ်ပြီး တစ်ဧက သိန်း ၃၀ ကျော်အမြတ်ကျန်ရှိပါကြောင်း၊  ကသာမြို့နယ်ကျေးရွာများမှာ လိုင်ချီးသီးများ အမြောက်အများ စိုက်ပျိုးကြပြီး  အခုလိုကျောင်းဖွင့်ချိန် ဇွန်၊ ဇူလိုင်လများမှာ လိုင်ချီးသီး စိုက်ပျိုးတောင်သူများ ဝင်ငွေရရှိကြတယ်" လိုပြောပါတယ်။

          ကသာမြို့နယ်၏ သီးနှံဒေသထွက်ကုန်တစ်မျိုးဖြစ်သည့် လိုင်ချီးသီးသည် နှစ်စဥ် ဇွန်လ၊ ဇူလိုင်လများတွင် လှိုင်လှိုင်ပေါ်ပြီး ကသာဈေးကွက်မှ မန္တလေး၊ ရန်ကုန်၊ မိုးကောင်း၊ မြစ်ကြီးနားမြို့များသို့ ကုန်ကားများ၊ လိုင်းကားများဖြင့် နေ့စဥ်တင်ပို့ရောင်းချမှုရှိကြောင်း သိရပါသည်။ ကသာမြို့အဝယ်ဈေးတစ်ပိဿာ ၅၀၀၀ ကျပ်ရှိပြီး မန္တလေးဈေးကွက်တွင် အလုံးအကြီးအသေးပေါ်မူတည်ပြီး တစ်ပိဿာ ၈၀၀၀ကျပ်မှ ၁၂၀၀၀ကျပ်ရှိကြောင်းနှင့် ကသာမြို့မှ နယ်စုံတင်ပို့မှု နေ့စဥ်ပိဿာ ၁၅၀၀မှ ၂၀၀၀ ကြားရှိကြောင်း လိုင်ချီးသီး ကုန်သည်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)