မိတ္ထီလာ ဈေးကွက်အတွင်း နနွမ်းတက်ဈေးမြင့်တက်လျက်ရှိ

Powered by Drupal

          နနွမ်းကို မြန်မာနိုင်ငံအနှံ့အပြားတွင်စိုက်ပျိုးကြပြီး နနွမ်းကိုနေ့စဉ် ချက်ပြုတ် စားသောက်သော ဟင်းလျာများတွင် ဟင်းခတ်အမွှေးအကြိုင်အဖြစ်အသုံးပြုကြသည့်အပြင် တိုင်းရင်းဆေးများ ဖော်စပ် ရာတွင်လည်း အသုံးပြုကြပြီး နနွမ်းဖူးများကို တို့စရာဖြစ်စားသုံး၍ နနွမ်းခေါင်းကို ခြင်ဆေးအဖြစ် လည်းအသုံးပြုကြပါသည်။ နနွမ်းကို မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ရှိတောင်ပေါ်ဒေသများတွင် အနည်း ငယ်စိုက်ပျိုးကြကြောင်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် သာစည်မြို့နယ် နနွမ်းစိုက်ဧက (၁၅၃)ဧက စိုက်ပျိုး ထားရှိကြောင်း ကြေးတိုင်နှင့် မြေစာရင်းဦီးစီးဌာနစာရင်းအရသိရပါသည်။

       နနွမ်းကို မေလနှင့်ဇွန်လများတွင်စိုက်ပျိုးကြကြောင်း၊ ဒေသတွင်းမှာ အနည်းငယ်သာ ထွက်ရှိသဖြင့် မိတ္ထီလာဈေးကွက်အတွင်းသို့ အောင်ပန်းနှင့်ကျောက်ဆည်မြို့နယ် ဆူးလေကုန်း ကျေးရွာမှ ထွက်ရှိသော နနွမ်းများအများဆုံးဝင်ရောက်လျက်ရှိကြောင်းသိရပါသည်။

         ယခုဇွန်လဒုတိယပတ်တွင် ပွဲရုံလက္ကားဈေး ရှမ်းနနွမ်းတစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်၊ ကျောက်ဆည်နနွမ်းတစ်ပိဿာ(၁၅၅၀၀)ကျပ်၊ လက်လီရှမ်းနနွမ်း တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ ကျောက်ဆည်နနွမ်းတစ်ပိဿာလျှင်(၁၆၅၀၀)ကျပ်၊ နနွမ်းခေါင်းဈေး တစ်ပိဿာလျှင်(၁၁၀၀၀) ကျပ်ဈေးဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်လနှင့်ကာလ တူနှိုင်းယှဉ်လျှင် နနွမ်းတစ်ပိဿာလျှင်(၁၀၀၀)ကျပ်ခန့်ဈေးနှုန်း အနည်းငယ်မြင့်တက်လာကြောင်း ပွဲရုံများမှသိရပါသည်။

DOCA(မန္တလေး)