
အိန္ဒိယနိုင်ငံတစ်ဝန်းရှိ သကြားစက်ရုံများ၏ စက်ရုံထွက်ဈေးနှုန်းသည် လက်ရှိတွင် တစ်ကွမ်တယ်လျှင် ရူပီး ၄,၄၅၀ ခန့်ရှိပြီး အမြင့်ဆုံးဈေးနှုန်းအဆင့်ထက် ၃၀ ရာခိုင်နှုန်းခန့် ကျဆင်း နေကြောင်း အိန္ဒိယသကြားနှင့် ဇီဝစွမ်းအင်ထုတ်လုပ်သူများအသင်း (ISMA)နှင့် အမျိုးသား သမဝါယမ သကြားစက်ရုံများအသင်းချုပ်လီမိတက် (NFCSF) တို့၏ ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မကြာသေးမီက သကြားတန်ဖိုးကွင်းဆက်တစ်လျှောက်ဈေးနှုန်းများ အခြေအနေ ကောင်း မွန်စွာ ပြောင်းလဲလာခြင်းနှင့်အတူ နိုင်ငံတစ်ဝန်း လက်လီသကြားဈေးနှုန်းများလည်း ၁၁ မှ ၁၂ ရာခိုင်နှုန်းခန့် ကျဆင်းလာပြီး တစ်ကီလိုလျှင် ရူပီး ၅၇.၅ ခန့်သို့ ရောက်ရှိလာကြောင်း အဆိုပါ အသင်းများက ၂၂-၉-၂၀၂၆ ရက်နေ့တွင် ပြောကြားခဲ့သည်။ သကြား အဓိကထုတ်လုပ်သည့် ပြည်နယ်များတွင် စက်တင်ဘာလ ၂၁ ရက်နေ့အထိ လက်လီဈေးနှုန်းများမှာ နိုင်ငံတစ်ဝန်း ပျမ်းမျှ ဈေးထက်ပင် နိမ့်ကျခဲ့ကြောင်း၊ Uttar Pradesh ပြည်နယ်တွင် တစ်ကီလိုလျှင် ရူပီး ၅၅.၀၉၊ Maharashtra ပြည်နယ်တွင် ရူပီး ၅၆.၇၄၊ Karnataka ပြည်နယ်တွင် ရူပီး ၅၆.၁၉ နှင့် Tamil Nadu ပြည်နယ်တွင် ရူပီး ၅၇.၄၅ ရှိခဲ့ကြောင်း သိရသည်။
ISMA နှင့် NFCSF အသင်းများ၏ ထုတ်ပြန်ချက်အရ လတ်တလော သကြားဈေးနှုန်း အခြေ အနေကောင်းမွန်လာခြင်းသည် ဈေးကွက်အတွင်း ရောင်းလိုအားနှင့် ဝယ်လိုအားအခြေအနေများ အပြင် အစိုးရ၏ သကြားကဏ္ဍ တည်ငြိမ်မျှတရေးအတွက် ဆောင်ရွက်မှုများကြောင့် ဖြစ်ပေါ်လာ ခြင်းဖြစ်ပြီး စားသုံးသူများနှင့် သက်ဆိုင်သူများ၏ အကျိုးစီးပွားကိုလည်း ထိန်းသိမ်းပေးနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
သကြားဈေးနှုန်းများ မကြာသေးမီက မြင့်တက်ခဲ့မှုကြောင့် သကြားစက်များအနေဖြင့် အမြတ်အစွန်းအလွန်အကျွံ ရရှိခဲ့သည်ဆိုသည့်အချက်ကို အဆိုပါအသင်းများက ငြင်းဆိုခဲ့ကြောင်း၊
ဈေးနှုန်းမြင့်တက်မှုသည် အချိန်ကာလအနည်းငယ်အတွင်းသာ ဖြစ်ပေါ်ခဲ့ပြီး သကြားစက်များက တစ်နိုင်ငံလုံး၏ နှစ်စဉ်လိုအပ်ချက်အများစုကို ဈေးနှုန်းနိမ့်ကျသည့်အချိန်များတွင် ရောင်းချခဲ့ရ ကြောင်းသိရှိရသည်။
ရောင်းချမှုပမာဏကို ပြန်လည်သုံးသပ်ခြင်းအရ မကြာသေးမီက ဈေးနှုန်းမြင့်တက်မှုသည် အလွန်တိုတောင်းသော ကာလအတွင်းသာဖြစ်ပေါ်ခဲ့ပြီး ကျဉ်းမြောင်းသော အချိန်ကာလတစ်ခု အတွင်းတွင်သာ ကန့်သတ်ခံခဲ့ရကြောင်း တွေ့ရှိရသည်။ ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၁၇ ရက်နေ့မှ ၃၁ ရက်နေ့အထိ အိန္ဒိယနိုင်ငံတစ်ဝန်းရှိ သကြားစက်များက သကြားတန်ချိန် ၇.၂၂ သိန်းခန့်ကိုသာ ပျမ်းမျှစက်ရုံထွက် ဈေးနှုန်း တစ်ကွမ်တယ်လျှင် ရူပီး ၄,၉၉၆.၉၈ ဖြင့် ရောင်းချခဲ့ကြောင်းသိရသည်။
အိန္ဒိယနိုင်ငံ၏ နှစ်စဉ်ပြည်တွင်းသကြားစားသုံးမှုမှာ တန်ချိန် ၂၈၅ သိန်းခန့်ရှိသဖြင့် အဆိုပါ ပမာဏသည် နှစ်စဉ်ရောင်းချမှုစုစုပေါင်း၏ ၂.၅ ရာခိုင်နှုန်းအောက်သာ ရှိကြောင်း၊ ထို့ကြောင့် ပြည် တွင်းလိုအပ်ချက်၏ ၉၇.၅ ရာခိုင်နှုန်းကျော်ကို ပုံမှန် သို့မဟုတ် ဈေးနှုန်းနိမ့်ကျသည့် အဆင့်များ တွင်သာ ဈေးကွက်တင်ရောင်းချခဲ့ခြင်းဖြစ်ကြောင်း၊ ခေတ္တဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်းအမြင့်ဆုံး အဆင့် မှ သကြားစက်လုပ်ငန်းကဏ္ဍအနေဖြင့် အလွန်အကျွံအမြတ်အစွန်း ရရှိခဲ့သည်ဆိုသည့် အယူအဆ ကို ဖျောက်ဖျက်ပစ်နိုင်ခဲ့ပြီး ဈေးကွက်အတွက် တည်ငြိမ်၍ဈေးနှုန်းသင့်တင့်သော ထောက်ပံ့မှုများ ပေးအပ်ရာတွင် သကြားစက်လုပ်ငန်း၏ အခန်းကဏ္ဍကို ထောက်ပြသည့်အနေဖြင့် ISMA နှင့် NFCSF တို့က ပြောကြားခဲ့ကြောင်း သိရှိရသည်။
ထို့အပြင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတွင် စတင်ခဲ့သည့် ၂၀၂၅-၂၀၂၆ သကြားရာသီမှ စက်တင်ဘာလလယ်အထိ အိန္ဒိယတစ်နိုင်ငံလုံး၏ သကြားစက်ရုံထွက် ပျမ်းမျှရရှိငွေမှာ တစ်ကွမ် တယ်လျှင် ရူပီး ၄,၁၀၀ (တစ်ကီလိုလျှင် ရူပီး ၄၁) ခန့်သာ ရှိကြောင်းနှင့် အဆိုပါရာသီအတွက် ပျမ်းမျှဈေးနှုန်းသည် သကြားထုတ်လုပ်မှုလုပ်ငန်း၏ အမှန်တကယ်လည်ပတ်မှု ကုန်ကျစရိတ်များ နှင့် နှိုင်းယှဉ်ပါက သိသိသာသာနိမ့်ကျနေပြီး ဥပဒေအရ သတ်မှတ်ထားသည့် ကုန်ကြမ်းကုန်ကျ စရိတ်များနှင့် ပြောင်းလဲထုတ်လုပ်မှု ကုန်ကျစရိတ်များကို ထည့်သွင်းတွက်ချက်ပါက ပို၍ပင် သိသာကြောင်း အသင်းများက ပြောကြားခဲ့သည်။
၂၀၂၅-၂၀၂၆ သကြားရာသီအတွင်း သကြားစက်များသည် ကြံစိုက်တောင်သူများထံမှ ကြံ ဝယ်ယူမှုအတွက် ရူပီး ၁၁၂,၀၀၀ ကုဋေခန့် ပေးချေပြီးဖြစ်ကာ စုစုပေါင်းပေးရန်ရှိငွေ၏ ၉၇ ရာခိုင်နှုန်းကျော်ကို ရှင်းလင်းပေးချေပြီးဖြစ်ကြောင်း၊ ယင်းသည် ကြံစိုက်တောင်သူများထံ အချိန်မီ ငွေပေးချေရေးအတွက် သကြားစက်လုပ်ငန်းကဏ္ဍ၏ ဆက်လက်ဆောင်ရွက်မှုကို ထင်ဟပ်နေ ကြောင်း သိရှိရသည်။
Source: The Hindu Business Line, September 22, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
