ဒေသထွက် ရာသီစာ ဩဇာသီးဈေးနှုန်း

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ပေါ်ရှိ ဈေးကွက်အတွင်း၌ ဈေးကောင်းရကာ အရောင်းသွက်နေသော ဩဇာသီးများ ရောင်းချနေကြောင်း သိရသည်။ ပြည်ခရိုင်အတွင်းရှိ မြို့နယ်၊ ကျေးရွာများတွင် လယ်ယာလုပ်ငန်းအပြင် သီးနှံမျိုးစုံ စိုက်ပျိုးလျှက်ရှိရာ နှစ်ရှည်သီးနှံ တစ်မျိုး ဖြစ်သော ဩဇာသီးကို ဥယျာဉ်ခြံမြေများနှင့် နေအိမ်ခြံစည်းရိုး များတွင် စီးပွားဖြစ် စိုက်ပျိုးကြ ကြောင်းသိရသည်။

          ပြည်ခရိုင်အတွင်း ဧရာဝတီမြစ်တစ်လျှောက်ရှိ တောင်ကုန်း၊ တောင်ဇွယ်များ တစ်လျှောက် တွင် ဩဇာခြံများ အစီအရီ စိုက်ပျိုးထားသည်။ပြည်ခရိုင်အတွင်းရှိ ပန်းတောင်း မြို့နယ်သည် ဩဇာသီးအထွက် အများဆုံးဖြစ်ပါသည်။ ဩဇာသီးကို ဇွန်၊ ဇူလိုင်လတို့တွင် စိုက်ပျိုးပြီး (၅)နှစ် သက်တမ်းအကြာတွင် အသီးများ စတင်ခူးဆွတ်လို့ ရပြီဖြစ်ကြောင်းသိရသည်။ တစ်ဧကလျှင် အပင် (၂၅၀)ခန့် စိုက်ပျိုး၍ရကြောင်း၊ အထွက်နှုန်းမှာ အလုံးရေ (၁၀၀၀၀)ကျော်ခန့် ထွက်ရှိကြောင်း သိရသည်။

          ရာသီအလိုက်ပေါ်သော သီးနှံတစ်မျိုးဖြစ်သည့်အပြင် ချိုချိုအေးအေး အရသာရှိသည့် ပြည်ဩဇာကို အများပြည်သူတို့က ခုံခုံမင်မင် ဝယ်ယူစားသောက်ကြသည်။

          ဩဇာသီးဈေးနှုန်းများမှာ ယခင်လဩဂုတ်လတွင် ဩဇာသီး အလုံးကြီးတစ်လုံးလျှင် ကျပ် (၁၅၀၀)၊ အလုံးလတ် တစ်လုံးလျှင် (၁၀၀၀)ကျပ်၊ အသေးတစ်လုံးလျှင် (၈၀၀)ကျပ်တို့ဖြင့် ဈေးကောင်းရခဲ့ပြီး ယခု စက်တင်ဘာလ တတိယပတ်တွင် ဩဇာသီးဈေးနှုန်းများမှာ အလုံးကြီး တစ်လုံးလျှင် ကျပ် (၁၀၀၀)၊ အလုံးလတ်တစ်လုံးလျှင် (၈၀၀)ကျပ်၊ အလုံးသေး တစ်လုံးလျှင် (၅၀၀)ကျပ်ဖြစ်ပြီး စက်တင်ဘာလတွင် ဩဇာသီးဈေးနှုန်း အနည်းငယ်ကျလာကြောင်း တွေ့ရသည်။

          ယခုကဲ့သို့ ဈေးအနည်းငယ်ကျလာရခြင်းမှာ ဩဇာသီးများ လှိုင်လှိုင်ထွက်ပေါ် လာသော ကြောင့် ဈေးလျော့နည်းလာရခြင်းဖြစ်ကြောင်း သိရသည်။

DOCA(ပဲခူး)