
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားပြီးဖြစ်သည့်အတွက် မုံရွာမြို့ပေါ်ရှိ အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော ယခင်အွန်လိုင်းမှတ်ပုံတင်ထားသည့် လုပ်ငန်းရှင်များ၊ မြေပြင်စစ်ဆေးအတည်ပြုပြီး မှတ်ပုံတင်လက်မှတ်ရရှိထားသည့် လုပ်ငန်းရှင်များအား အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းဆိုင်ရာအမိန့်ကြော်ငြာစာများ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ သိရှိစေရန်ရည်ရွယ်၍ (၂၁.၉.၂၀၂၆) ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီအချိန်၌ မုံရွာမြို့ပေါ်ရှိ မြေပြင်စစ်ဆေးအတည်ပြုပြီး မှတ်ပုံတင်လက်မှတ် ရရှိထားသည့်အထည်အလိပ်၊ အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းများအား အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းရှင်ထံသို့ သွားရောက်တွေ့ဆုံ၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ အသိပညာပေးရာတွင် ဒု-ခရိုင်ဦးစီးမှူးက အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းဆိုင်ရာ အမိန့်ကြော်ငြာစာများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များအား အသိပညာပေးဆွေးနွေးခဲ့ပြီး မိမိတို့ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များကို သေချာစွာလိုက်နာရန် လိုအပ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့်လုပ်ငန်းရှင်များထံသို့လည်း မြေပြင်ကွင်းဆင်းစစ်ဆေး အတည်ပြုခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ မှတ်ပုံတင်လက်မှတ် ရရှိထားသည့် လုပ်ငန်းရှင်များ သည်(၂)နှစ်ပြည့်လျှင် သက်တမ်းတိုးရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင် လက်မှတ်လျှောက်ထားရရှိမှုနှင့် စပ်လျဉ်း၍ လျှောက်ထားစဉ်က အချက်အလက်များနှင့် မြေပြင် အခြေအနေမှန်ကန်မှု ရှိ/ မရှိ အခြေအနေများအား ကွင်းဆင်းဆောင်ရွက်လျက်ရှိ ကြောင်း၊ သို့မှသာ စားသုံးသူပြည်သူများအနေဖြင့် လုံခြုံစိတ်ချရမှုရှိပြီး လိမ်လည်ရောင်းချခြင်းမှ ကင်းဝေးမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များမှ မှတ်ပုံတင်လက်မှတ်များ ရရှိထားသည့်အတွက် စားသုံးသူအခွင့်အရေးများလည်း ရရှိလာမည်ဖြစ်ပြီး လုပ်ငန်းရှင်များအတွက်လည်း အကျိုးကျေးဇူးများ၊ နာမည်ဂုဏ်သတင်းများ ရရှိလာမည်ကြောင်း အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
