
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ခင်လေးနွယ်(ဦးစီးမှူး)နှင့် ဝန်ထမ်း (၂)ဦးတို့ ဦးဆောင်၍ ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ ၂၂ရက်နေ့ နံနက်(၁၀း၃၀)နာရီအချိန်တွင် စစ်ကိုင်းမြို့၊ ပါရမီရပ်၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ဆရာ/မ(၂)ဦး၊ ကျောင်းသား/ ကျောင်းသူ(၆၂)ဦး၊ စုစုပေါင်း (၆၄)ဦးအား စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မြင့်ထွန်း (ဒု-ဦးစီးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများ ဟောပြောဆွေးနွေးခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ပေါ်ပေါက်လာပုံအဆင့်ဆင့်ကို ပြောကြားပြီး၊ စားသုံးသူ ကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ(၁၅) ရက်နေ့၊ ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ်၉ ဖြင့် ပြဌာန်းခဲ့ပြီး၊ အခန်း(၂၅)ခန်းနှင့် ပုဒ်မ၈၄ခု ပါဝင်ကြောင်း၊ စားသုံးသူကာကွယ်ရေး နည်းဥပဒေကို ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်နေ့က ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၉) ပုဒ်မ(၁၉)နှင့်ပုဒ်မ(၂၀)တွင် ပြဌာန်းထားသည့် စားသုံးသူအခွင့်အရေး(၈)ချက်နှင့် စားသုံးသူ၏ တာဝန်များကို ရှင်းလင်းပြောကြားခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ပုဒ်မ(၄၁)တွင် စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြမည့် အချက်(၈) ချက်ကို အသေးစိတ်ရှင်းလင်းပြောကြားခြင်း၊ ပုဒ်မ ၄၁၊ ပုဒ်မခွဲ (ခ)နှင့် ပုဒ်မခွဲ(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားခြင်းနှင့် ဆီစားသုံးခြင်း၏ဆိုးကျိုးများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး၊ ဒေါ်ခင်လေးနွယ်(ဦးစီးမှူး)က အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းဆိုင်ရာများ ရှင်းလင်းပြောကြားခြင်းနှင့် ကျောင်းမုန့်ဈေးဆိုင်များတွင်လည်း ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခဲ့ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေသည် စားသုံးသူများကို ကာကွယ်ပေးခြင်းနှင့် လုပ်ငန်းရှင်များကို ထိန်းကြောင်းပေးသည့် ဥပဒေတစ်ခု ဖြစ်ပါကြောင်း၊ ပြည်သူတိုင်းသည် စားသုံးသူများဖြစ်ပြီး စားသုံးသူတိုင်းမှာ စားသုံးသူအခွင့်အရေးများရှိကြောင်း၊ စားသုံးသူအခွင့်ရေး နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက မိမိတို့ဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ၊ Website လိပ်စာမှာ www.doca.gov.mm တို့ဖြင့် ဖြစ်စေ၊ Call Center နံပါတ် 1535 တို့ဖြင့်ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်း ရှင်းလင်းပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဌာနခွဲတာဝန်ခံမှ Call Center နံပါတ် 1535 ဖြင့် နေပြည်တော် (ရုံးချုပ်)သို့ နမူနာခေါ်ဆိုခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
