မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ် စည်သာကျေးရွာတွင် ဝါသီးနှံများ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်လျက်ရှိပါသည်။ ဝါသီးနှံကို မိုးကြိုရာသီ၊ မိုးရာသီနှင့် မိုးနှောင်းရာသီတို့တွင် စိုက်ပျိုးလေ့ရှိကြရာ ရေစကြိုမြို့နယ်ဘက်တွင် မိုးနှောင်းရာသီဖြစ်သော ဩဂုတ်၊ စက်တင်ဘာလများတွင် စတင်စိုက်ပျိုး ကြပြီး ဒီဇင်ဘာလဆန်းပိုင်းတွင် စတင်ခူးဆွတ်ကြကြောင်း သိရှိရပါသည်။
စိုက်ပျိုးသော ဝါအမျိုးအစားများမှာ ငွေတောင်(၁၀)၊ ငွေချည်(၉-၁၀)၊ ရာကာ(၆၆၆) သက် ကြီးမျိုးဖြစ်သော ကမ္ဘောဇမျိုးများ စိုက်ပျိုးကြပြီး ရာကာ(၆၆၆)မျိုးမှာ ဒေသမြေအနေအထားနှင့် ကိုက်ညီသောကြောင့် အများဆုံးစိုက်ပျိုးသော မျိုးဖြစ်ကြောင်း၊ နှစ်စဉ်ဒေသစီးပွားဖြစ် စိုက်ပျိုးလုပ် ကိုင်ကြပြီး ယခင်နှစ်စိုက်ဧက(၇၀)ခန့်ရှိခဲ့ပြီး ယခုနှစ်တွင် ဧက(၁၂၀)ထိ တိုးချဲ့စိုက်ပျိုးကြောင်း သိရှိရပါသည်။
တစ်ဧကလျှင် ဝါစေ့ သုံးပိဿာ ကျဲပက်ပြီး အတန်းလိုက်ရေသွင်းစနစ်ဖြင့် စိုက်ပျိုးကြောင်း၊ ယခင်နှစ် တစ်ဧကကုန်ကျစရိတ်မှာ သုံးသိန်းခန့်ရှိပြီး ပိဿာ(၄၀၀)ခန့် ထွက်ရှိကြောင်း၊ ယခင်နှစ် ဈေးနှုန်းအနေဖြင့် ဝါတစ်ပိဿာ ကျပ်(၁၂၀၀/၁၃၀၀)ခန့်သာရှိပြီး တောင်သူအကျိုးအမြတ် နှစ်သိန်း ခန့်သာ ရရှိကြောင်း၊ ယခုနှစ်တွင် စိုက်ပျိုးစရိတ်မြင့်မားသည့်အတွက် တစ်ဧကကုန်ကျစရိတ် ငါးသိန်းခန့်ရှိပြီး အထွက်ပိဿာ (၅၀၀)ခန့်ထွက်ရှိကြောင်း၊ ယခုနှစ် ဝါတစ်ပိဿာဈေးမှာ ကျပ်(၂၃၀၀/ ၂၄၀၀)ခန့် ရှိသဖြင့် စိုက်ပျိုးတောင်သူ တစ်ဧကအကျိုးအမြတ် ငါးသိန်းခန့်ရရှိကြောင်း သိရှိရ ပါသည်။
ခူးဆွတ်ပြီးချိန်တွင် ဈေးကောင်းရရှိရန် ဝါကို နေလှန်းပြီးမှ ပြန်လည်သန့်စင်ပြီး သိမ်းဆည်းထားရှိကြောင်း၊ စည်သာကျေးရွာမှ ထွက်ရှိသော ဝါများကို မြို့ပေါ်ရှိ ပွဲစားများအား တိုက်ရိုက်ရောင်းချခြင်း၊ စစ်ကိုင်း၊ မန္တလေးမြို့များသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း စိုက်ပျိုးတောင်သူ များထံမှ သိရှိရပါသည်။
DOCA(မကွေး)