ရွှေဘိုမြို့၏ အထင်ကရဖြစ်သည့် မြို့မစည်ပင်သာယာဈေးကြီးရှေ့တွင်ရောင်းချသည့် ညဈေးတန်း

Powered by Drupal

     ကျွန်မတို့သည် နံနက်မိုးသောက်အလင်းရောက်သည်နှင့်တစ်ပြိုင်နက် ကိုယ်စီတာဝန်ဝတ္တရားများဖြစ်သည့် စားဝတ်နေရေး၊ လူမှုရေး၊ စီးပွားရေးများကို ဆောင်ရွက်ရသည်ဖြစ်ရာ တစ်နေကုန်ပမ်းပန်နွမ်းနယ်သမျှ ညနေခင်းအချိန်တွင် မိသားစုစုံလင်စွာဖြင့် ဘုရားဖူးသွားခြင်း၊ ကလေးများကို ရွှေဘိုမြို့ရှိ ရန်ကြီးအောင်ပန်းခြံသို့ လိုက်ပို့ခြင်းဖြင့် အနားယူအပန်းဖြေကြပါသည်။

  အနားယူအပန်းဖြေပြီးနောက် မြို့မဈေးကြီးရှေ့တွင်ရောင်းချသည့် ညဈေးတန်းသို့ သွားရောက်ကြပါသည်။ မြို့မစည်ပင်သာယာဈေးသည် နံနက်(၀၇:၀၀) နာရီအချိန်တွင် စတင်ဖွင့်လှစ်ပြီး ညနေ(၁၅:၀၀)နာရီအချိန်တွင် ဈေးပိတ်ပါသည်။ ညဈေးတန်းဖွင့်လှစ်ရောင်းချသည့်ဆိုင်များသည် နေ့လယ် (၁၂:၃၀)နာရီအချိန်တွင် စတင်ဖွင့်လှစ်ပြီး ည(၁၈:၀၀)နာရီအချိန်တွင် ပိတ်သိမ်းပါသည်။

     ညဈေးတန်းတွင် ဈေးဆိုင်ပေါင်း (၂၀)ကျော်ရှိရာ အများစုမှာ တွန်းလှည်းလေးများဖြင့် ရောင်းချကြပါသည်။ ညဈေးတန်းလေးတွင် အကြော်နှင့်မုန့်ပေါင်းသည်၊ သစ်သီးသည်များ၊ ထမင်းဆီဆမ်းနှင့် အသုပ်သည်များ၊ ဝက်သားထုတ်ထိုးနှင့် ကြာဆံကြော်သည်များ၊ ကြာဆံဟင်းခါးသည်များ၊ မုန့်ဟင်းခါးသည်များ၊ မာလာဟင်းသည်များ၊ မန်ကျည်းဖျော်ရည်နှင့် အအေးမျိုးစုံသည်များ၊ ရွှေဘိုမြို့နှင့်နီးသော ထနောင်းဝင်းရွာမှလာရောင်းသည့် ခေါင်းရွက်ဗျက်ထိုးအသုပ်သည်များလည်း လာရောက်ရောင်းချကြပါသည်။

      ညဈေးတန်းတွင် တွန်းလှည်းဘီးဖြင့်ရောင်းချသည့် လေးညှင်းထမင်းနှင့်ဟင်း‌ရောင်းချသည့်ဈေးဆိုင်တွင်လည်း ကြက်ပျံမကျ စည်ကားစွာဝယ်ယူကြပြီး ဟင်းများမှာ အမယ်များစုံလင်လှပါသည်။ အရွက်ကြော်များ၊ ပဲများစသည့် အရံဟင်းများမှာ (၃၀ဝိ/-)ကျပ်မှ (၅၀ဝိ/-)ကျပ်ဖိုးထိဝယ်ယူ၍ရပြီး အသားဟင်းများမှာ (၁၀၀ဝိ/-)ကျပ်ဖိုး အနည်းဆုံးဝယ်ယူ၍ရကြောင်း သိရှိရပါသည်။ ညနေချိန်ခင်းအချိန်တွင်သာရရှိသည့် ချပါတီမုန့်နှင့် နွားနို့ပူပူ၊  ချပါတီနှင့်တွဲ၍စားကြသည့် ဆိတ်ရိုးစွပ်ပြုတ်မှာလည်း နာမည်ကြီးလှပေသည်။

     "လှမြင့်ကြီး"ကဖေးဆိုင်တွင်ရောင်းချသည့် ပလာတာသုပ်၊ ဌက်ပျောပလာတာများမှာ လူကြိုက်များလှပြီး နာမည်လည်းကြီးလှပေသည်။ ညဈေးတန်းဈေးတွင် စားစရာများပေါများလှသဖြင့် ဈေးနှုန်းများမှာလည်း သင့်တင့်၍ လူတိုင်းစားသုံးနိုင်ပေသည်။ ညနေခင်းအချိန်တွင် အပန်းဖြေသူများ၊ ဈေးဆိုင်ပိတ်ပြန်သူများ၊ အလုပ်ဆင်း၍ ပြန်ကြသူများ၊ ကျောင်းဆင်း၍ ပြန်ကြသူများသည် ညဈေးတန်းတွင် စားစရာများဝယ်ယူကာ အချို့မှာ ဆိုင်တွင်ထိုင်စားကြပြီး အချို့မှာ အိမ်သို့ ပါဆယ်ထုပ်များ ဝယ်ယူကြပါသည်။

     ညဈေးတန်းရှိခြင်းအားဖြင့် ညနေခင်းချိန်တွင် ရောင်းချသည့်ဈေးသည်များလည်း နေ့စဉ်ဝင်ငွေရခြင်း၊ စားသုံးသူများအနေဖြင့်လည်း အစားအစာများကို ပူပူနွေးနွေးဝယ်ယူစားသောက်ရခြင်း၊ မိသားစုများ ပျော်ရွှင်စွာဖြင့် တစ်နေ့တာအပန်းပြေခြင်း၊ မိတ်ဆွေ/သူငယ်ချင်းများနှင့် မုန့်များဝယ်စားကာ စကားပြောခြင်း၊ အလုပ်ကိစ္စများဆွေးနွေးခြင်းဖြင့် ပျော်စရာအချိန်များကို ဖြတ်သန်းကာ တစ်နေ့တာမောပန်းမှုများကို ပြေပျောက်စေပြီး နောက်နေ့သစ်အတွက် ခွန်အားသစ်များ တိုးပွားစေနိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)