ဈေးကောင်းရပြီး ဆေးဖက်ဝင်သော ကညွတ်ပင်

Powered by Drupal

      ကညွတ်ကို ယခုခေတ်နောက်ပိုင်းမှ မြန်မာပြည်မှာတွင်ကျယ်စွာ စားသုံးလာကြပါသည်။ ကညွတ်သည်အရသာကောင်းမွန်သည့်အပြင် ကျန်းမာရေးအတွက်ပါကောင်းကျိုးများသောကြောင့် ရောင်းတန်းဝင်ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်လာပါသည်။ ကညွတ်ကို ကညို့၊ ကြံညွတ် စသည်ဖြင့် လည်းခေါ်ကြပါသည်။ မြန်မာပြည်တွင် ကညွတ်မျိုးစုဝင်များစွာရှိပါသည်။ ရုက္ခဗေဒအရ ယခင် ကညွတ်သည် ကြက်သွန်မျိုးနွယ်များကဲ့သို့ နှင်းပန်းမျိုးရင်း Liliaceae ထဲတွင်ပါဝင်ခဲ့သော်လည်း ယခုတွင် ကြက်သွန်မျိုးရင်း Amaryllidaceae ဟု ခွဲထွက်သက်မှတ်လိုက်သကဲ့သို့ ကညွတ်မျိုးရင်း ကိုလည်း Asparagaceae အဖြစ်ခွဲထုတ်သတ်မှတ်ခဲ့ကြပါသည်။ ၂၀၁၄ ခုနှစ်၊ World Check List အရ မျိုးစိတ် (၂၁၂)မျိုးရှိပြီး ယခုအခါ စပ်မျိုးများရှိလာသောကြောင့် မျိုးစိတ်ပေါင်း (၃၀၀)အထက် ရှိလာကြောင်း လေ့လာသိရှိရပါသည်။

     မူရင်းတွေ့ရှိရာဒေသများကတော့ အမေရိက၊ ဥရောပ၊ မြောက်အာဖရိကနှင့် အာရှအနောက်ဒေသများဖြစ်ပါသည်။ ကညွတ်ကို လွန်ခဲ့သောနှစ်ပေါင်း (၂၀၀) ကျော်ကတည်းက လူများဆေးအဖြစ်မှီဝဲကာ ယနေ့အစားအစာဟင်းလျာအဖြစ် စားသုံးလာခဲ့ကြခြင်း ဖြစ်ပါသည်။ မြန်မာပြည်တွင် ကညွတ်ကို မြစ်ဝကျွန်းပေါ်ဒေသ၊ ဟင်္သာတ၊ ဓနုဖြူတို့တွင် စိုက်ပျိုးပါသည်။ သာယာဝတီနှင့် တောင်ငူတို့တွင်   အနည်းငယ်စိုက်ပျိုးကြောင်း သိရပါသည်။ ပြည်မြို့နယ်အတွင်းရှိ ခြံအချို့တွင်လည်း အနည်းငယ်စိုက်ပျိုးကြောင်း သိရပါသည်။ ကညွတ်သည် မေလ၊ ဇွန်လလို မိုးရာသီအစတွင် စိုက်ပျိုးသောအပင်ဖြစ်ပြီး မျိုးစေ့မှ စိုက်ပျိုးခြင်းနှင့် ဥကိုဖဲ့၍ စိုက်ပျိုးခြင်းဟူ၍ (၂)မျိုးရှိပါသည်။ ကညွတ်အစို့များကိုလိုက်ပြီး (၂)နှစ်သားတွင် စတင်ရိတ်သိမ်း နိုင်ပါသည်။ အပင်သက် (၇)နှစ်အထိ အထွက်တိုးလျက်ရှိပါသည်။ (၄)နှစ်သားအထက်တွင် အမျိုးအစားကောင်းမွန်သောအတန်းအစားများ ရရှိပါသည်။ မျိုးစေ့ကိုစိုက်ပျိုးရာတွင် အပင် ကောင်းစွာဖြစ်ထွန်းသည့်အကွက်ကို ရွေးချယ်ဝယ်ယူသင့်ပါသည်။ တစ်ဧကလျှင်မျိုးစေ့ (၄)ပေါင် လိုအပ်ပါသည်။ မျိုးစေ့ချပြီး (၂)ပတ်မှ (၆)ပတ်အကြာတွင် အပင်ပေါက်ပါသည်။ တစ်ဧကလျှင် ကညွတ်ပိဿာချိန် (၃၀၀)မှ (၅၀၀)အထိ ထွက်ရှိပါသည်။

    ကညွတ်ပင်သည် ပင်ပျော့ခြုံပင်တစ်မျိုးဖြစ်ပါသည်။ အပင်ခြေတွင် မြောက်များစွာ သောဥများမျှင်တန်းကာ ပြန့်နှံလျက် ပေါက်ကြပြီး တစ်နှစ်တစ်ကြိမ် အပင်ထွက်ကာ ပန်းပင်အသီး သီးပြီးပါက မြေပေါ်ရှိအပင်မှာ ခြောက်သွေ့သွားပါသည်။ ဥများက နောက်နှစ်တွင် အတက် ပြန်လည်ထွက်မည့် မျိုးအဖြစ်ကျန်ခဲ့ပါသည်။ အပင်အမြင့်မှာ (၅)ပေခန့် ရှိတက်ပြီး အရွက်သည် အပ်ပုံစံ အစိမ်းရောင်ဖြစ်ကာ သက်တမ်းကုန်ပါက အဝါရောင်ပြောင်းသွားပါသည်။ ပင်စည်မှာ မာဆပ်ပြီး အကိုင်းအခက်များစွာရှိကာ အပွင့်မှာအလွန်သေးငယ်ပြီး ခေါင်းလောင်းပုံရှိကာ စိမ်းဝါရောင်ရောလျှက်ရှိသော အဖြူရောင်ရှိပြီး ကိုင်းအဆက်နှင့် အရွက်ကြားတွင် ပွင့်ကြပါသည်။ အသီးသည် လုံးဝန်းပြီး နုစဉ် စိမ်းကာ မှည့်လျှင် အနီ ဖြစ်လာပါသည်။ အစေ့များသည် အလွန်သေးငယ်ပြီး အသီးတစ်လုံးတွင် (၂)စေ့မှ (၄-၅)စေ့အထိ ရှိတက်ကြပါသည်။ ကညွတ်သည် ချိုအေးသောအရသာရှိပါသည်။ ကညွတ်သည် တိုင်းရင်းဆေးကျမ်းအဆိုအရ အနည်းငယ်ဝမ်းသက် စေ၏။ နှလုံးအားကောင်းစေပြီး လေကိုသက်စေပါသည်။ ဆီးရောဂါ၊ ကျောက်တည်ရောဂါ ၊ သားအိမ်နာကျင်ခြင်း၊ နှလုံးတုန်ခြင်း၊ ဝမ်းကိုက်ရောဂါ၊ အဆစ်ရောင်ရောဂါကို သက်သာ ပျောက်ကင်းစေပါသည်။ သားဖွားပြီးစမိခင်များ စာသုံးရန်အထူးသင့်လျော်ပါသည်။ ဝက်ခြံ၊ အနာစိမ်း၊ အနာခြောက်၊ တင်းတိတ်တို့တွင်လည်း လိမ်းပေးကြပါသည်။ ကညွတ်သည် ကောင်းကျိုးများစွာရှိသလို ဆိုကျိုးများလည်းရှိသောကြောင့် ချင့်ချိန်စားသုံးသင့်ပါသည်။ ကညွတ်ကို အချက်၊ အကြော်၊ အကင်၊ အသုပ်၊သနပ်စိမ်၍ နည်းမျိုးစုံဖြင့်စားသုံးကြပါသည်။ အဖျော်ယမကာ များနှင့်တွဲဖက်စားသောက်ကြပြီး၊ ဝိုင်နှင့်အလိုက်ဖက်ဆုံးဟု အနောက်နိုင်ငံများက ယူဆကြပါသည်။ ကညွတ်မှ ဂျင်၊ အရက်၊ ဘီယာတို့ထုတ်လုပ်ကြောင်းလည်း လေ့လာတွေ့ရှိရပါသည်။ ကညွတ်နှင့်ပတ်သက်သည့် အခြားထူးခြားချက်များကတော့ ကညွတ်ပေါ်ချိန် အနောက်နိုင်ငံတို့၏ နွေဦးရာသီကာလများတွင် ကညွတ်စားပွဲတော်များ ကျင်းပကြပါသည်။ Helmut Zipmer ဆိုသူဟာ ကညွတ်ကို အခွံခွာပြီး ဂင်းနစ်စံချိန်တင်ခဲ့ခြင်းမှာ ထူးခြားမှုတစ်ခုဖြစ်ခဲ့ပါသည်။ ယခုအခါ ကညွတ်မှ Organic Soap မျက်နှာသစ်ဆပ်ပြာလည်း ထုတ်လုပ်ရောင်းချနေပြီဖြစ်ကြောင်း သိရပါသည်။ ကညွတ်သည် ယခုကာလတွင် ပေါ်ဦးပေါ်ဖျားဖြစ်သောကြောင့် နုဖက်နေကာ ဈေးကောင်းလည်းရရှိပါသည်။ ပြည်မြို့ပေါ်မှာ စိုက်ပျိုးသောကညွတ်များမှာ မထွက်ရှိသေးသဖြင့် ယခုဈေးကွက်တွင် ရောင်းချနေသော ကညွတ်များမှာ ရန်ကုန်မြို့မှ မှာယူရောင်းချကြောင်း သိရပါသည်။ ဈေးနှုန်းအနေဖြင့် တစ်ပိဿာစည်းတစ်စည်းကို (၈၀၀၀)ကျပ် ဈေးဖြင့်ရောင်းချပြီး (၅၀)ကျပ်သား တစ်ထုံးလျှင် (၄၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချကြပါသည်။ ရောင်းချရာတွင် ဈေး ကောင်းရရှိသောကြောင့် စိုက်ပျိုးသင့်သောအပင်တစ်မျိုးဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)