ပြည်ဈေးကွက်တွင် ထောပတ်သီးအရောင်းသွက်လျက်ရှိ

Powered by Drupal

    ထောပတ်သီးများသည်အောက်တိုဘာလတွင် အသီးများစတင်ထွက်ရှိပြီး ထောပတ်ပင်များသည် နှစ်ရှည်သီးနှံပင်များဖြစ်ကာ စစိုက်ပြီး (၃)နှစ်နေမှ စတင်အသီးသီးကြောင်း သိရပါသည်။ ထောပတ်ပင်သည် အပင်ကြီးအမျိုးအစားဖြစ်ပြီး အောက်တိုဘာလတွင် အသီးများစတင်သီးပြီး ဇန်နဝါရီလတွင် အသီးသီးနှုန်းနည်းသွားပါသည်။ ထောပတ်ပင်သည် ရေလောင်းပေးရသော်လည်း ရေမကြိုက်သောအပင်ဖြစ်ပါသည်။ ထောပတ်သီးသည် မမှည့်ခင်တွင် အစိမ်းရင့်ရောင်ရှိပြီး မှည့်လာ သောအခါ အညိုပုပ်ရောင်(သို့) အမည်းရောင်းသန်းလာပါသည်။

     ထောပတ်သီး၏ မူရင်းအရသာသည် စိမ့်၍အနည်းငယ်အီသောအရသာရှိသည်။ ထောပတ်သီးကို ဖျော်ရည်၊ အသုပ်၊ ပူတင်း၊ ကိတ်မုန့်၊ ရေခဲမုန့်၊ ဂျယ်လီစသဖြင့် ပြုလုပ်စားသုံးနိုင်သလို ဟင်းချက်စား၍လည်းရပါသည်။ မြန်မာနိုင်ငံတွင် ထောပတ်သီးကိုဖျော်ရည်အနေဖြင့် အများဆုံး စားသုံးကြပါသည်။ ဆားအနည်းငယ်ထည့်၍ သဘာဝအတိုင်းစားသုံးပါက ကျန်းမာရေးညီညွတ် စေပါသည်။ ထောပတ်သီးသည် စားသုံးရန် တစ်ခုတည်းအတွက်မဟုတ်ပဲ ခေါင်းလျှော်ရည်၊ ဆပ်ပြာ စသည်ဖြင့်လည်း ပြောင်းလဲရောစပ်အသုံးပြုနိုင်ပါသည်။ သဘာဝဆိုးဆေးအဖြစ်လည်း အသုံး ပြုနိုင်သည်။ ထောပတ်သီးအစေ့ကိုရေနွေးဆူတွင်ထည့်ထားပါက ပန်းရောင်ထွက်သည်။ ဆေးဆိုး ချင်သော အထည်ကို ထောပတ်ဆူရေထဲသို့ထည့်ခြင်းအားဖြင့် ဆေးဆိုးနိုင်ပါသည်။

     ထောပတ်သီးကိုစားသုံးခြင်းမဟုတ်ပဲ အရေပြားပြင်ပတွင် အသုံးပြုခြင်းဖြင့်လည်း အလှအပ ရေးရာကို ထောက်ပံ့နိုင်သည်။ ယနေ့ခေတ်တွင် ထောပတ်သီးဖြင့်ပြုလုပ်ထားသော မျက်နှာပေါင်းတင်ကပ်ခွာ၊ မျက်နှာသစ်ဆပ်ပြာ၊ ကိုယ်တိုက်ဆပ်ပြာများကို အလွယ်တကူ ဝယ်ယူနိုင်နေပြီဖြစ် ပါသည်။ အသင့်ပြုလုပ်ထားသောအရာများကို အသုံးပြုနိုင်သလို လူကြီးမိဘများထံမှ လက်ဆင့်ကမ်းလာသော အိမ်တွင်းသုံးနည်းလမ်းများဖြင့်လည်း မိမိကိုယ်တိုင်ပြုလုပ်၍ မျက်နှာပေါင်းတင်နိုင်ပါသည်။

   ထောပတ်သီးကို ပြည်မြို့ဈေးကွက်သို့ ရှမ်းပြည်နှင့် မိုးကုတ်ဘက်မှ ဝင်ရောက်မှုရှိပြီး တချို့မှာ Oline ပေါ်တွင် Live လွှင့်၍ရောင်းချကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိပါသည်။ ထောပတ်သီး ဈေးနှုန်းများ အနေဖြင့် Online တွင်ရောင်းချသောဈေးမှာ ပိဿာချိန်ဖြင့် အလုံးအကြီးအသေးသောင်းပြောင်းရောရာ တစ်ပိဿာလျှင် (၁၂၀၀-၁၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ဈေးတွင် ခင်းပြီးရောင်းချသော ထောပတ်သီးဈေးမှာ အလုံးကြီး တစ်လုံးလျှင် (၈၀၀-၁၀၀၀)ကျပ်၊ အလုံးသေးတစ်လုံးလျှင် (၅၀၀-၇၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။ စားသုံးသူ များအနေဖြင့် ဝယ်ယူစားသုံးကြသဖြင့် ဈေးကွက်တွင် ထောပတ်သီးများ အရောင်းအဝယ်သွက်လျက်ရှိပါသည်။

DOCA(ပဲခူး)