ပဲယင်း(နီ)သီးနှံစိုက်ပျိုးခြင်းဖြင့် တောင်သူများအကျိုးအမြတ်ရရှိ

Powered by Drupal

     ဆိပ်ဖြူမြို့နယ်၊ ရွာသစ်ရပ်ကွက်ရှိ စိုက်တောင်သူများသည် နှစ်စဉ် ကိုင်းကျွန်းမြေများတွင် သီးနှံမျိုးစုံကိုစိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် ဈေးကွက်ခိုင်မာလျက်ရှိသော ဂျပန်ပဲယင်း(နီ)ကို တောင်သူများ တစ်နိုင်တစ်ပိုင်စတင်စိုက်ပျိုးကြကြောင်း ဒေသခံတောင်သူထံမှသိရပါသည်။

    တောင်သူ ဦးမြင့်ကိုက ယခုနှစ်တွင် ဂျပန်ပဲယင်း(နီ) (၀.၅)ဧကခန့်စိုက်ပျိုးထားရှိကြောင်း၊ စိုက်ပျိုးရာတွင်လွယ်ကူပြီး ကုန်ကျစရိတ်သက်သာ၍ ပဲယင်း(နီ)ကို စိုက်ပျိုးထားခြင်းဖြစ်ကြောင်း၊ ယခင်နှစ်များက စိုက်ပျိုးခဲ့ခြင်းမရှိခဲ့ကြောင်း၊ ယခုနှစ်တွင် နယ်မြေဒေသရာသီဥတုနှင့်ကိုက်ညီမှုရှိခြင်းကြောင့် ပဲယင်း(နီ)ကို ကြက်သွန်နီသီးနှံအား အစားထိုးစိုက်ပျိုးကြောင်း၊ ဂျပန်ပဲယင်း(နီ)မျိုးများကို အောက်တိုဘာလတွင် စိုက်ပျိုးပြီး မတ်လတွင် ရိတ်သိမ်းကြောင်း၊ (၀.၅)ဧကလျှင် ပဲယင်း(နီ) နှစ်ပြည်ခန့်ကုန်ကျကြောင်း၊ မျိုးစေ့တစ်တင်းလျှင် ကျပ်(၁၂၀၀၀၀)ဖြင့် ဝယ်ယူရကြောင်း၊ စိုက်ပျိုးရာတွင်လွယ်ကူပြီး အလုပ်သမားငှားရမ်းရမှုနည်းခြင်း၊ သွင်းအားစုနှင့် ပိုးသတ်ဆေးပက်ဖျန်းခြင်းများမပြုလုပ်ရကြောင်း၊ ကုန်ကျစရိတ်နည်းပါးကြောင်း၊ ဂျပန်ပဲယင်း(နီ)တစ်ဧကအထွက်နှုန်းမှာ တင်း(၃၀ မှ ၄၀)ထိထွက်ရှိကြောင်း၊ (၀.၅)ဧကစိုက်ပျိုးထားပြီး ရေမြေရာသီဥတုကောင်းမွန်ခြင်းကြောင့် ပဲယင်းမှာ တင်း (၂၀) ခန့်ထွက်ရှိကြောင်း၊ တစ်တင်းလျှင် သီးနှံပေါ်စ၌ ဒေသပေါက်ဈေးမှာ ကျပ်(၇၀၀၀၀)ဖြင့် ရောင်းချခဲ့ရ၍ ကျပ်(၁၄)သိန်းခန့်ရရှိပြီး ကုန်ကျစရိတ်မှာ ကျပ်(၂၀၀၀၀၀)ဝန်းကျင်ခန့်ကုန်ကျခဲ့၍ ကျပ်(၁၂)သိန်းခန့်အကျိုးအမြတ်ရရှိခဲ့ကြောင်း၊ ယခုနှစ်တွင် ဂျပန်ပဲယင်း(နီ)စိုက်ပျိုးခြင်းဖြင့် စိုက်တောင်သူများ အကျိုးအမြတ်ရရှိနေကြပါကြောင်း ဒေသခံတောင်သူ ဦးမြင့်ကိုထံမှ သိရှိရပါသည်။

     ဂျပန်ပဲယင်း(နီ)သီးနှံသည် ပြည်တွင်းစားသုံးမှုနည်းသော်လည်း ပြည်ပပို့ကုန်အဖြစ် တင်ပို့လျက်သောသီးနှံဖြစ်၍ ဈေးကွက်ခိုင်မာမှုရှိပြီး စိုက်ပျိုးရာတွင် လွယ်ကူပြီး ကုန်ကျစရိတ်သက်သာစွာဖြင့် အလွယ်တကူရရှိသောသီးနှံဖြစ်၍ စိုက်တောင်သူများ နှစ်စဉ်စိုက်ပျိုးသင့်ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

DOCA(မကွေး)