မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ဆောင်းသီးနှံအဖြစ် မတ်ပဲများ စတင်ရိတ်သိမ်းလျက်ရှိပြီး စျေးကောင်းရရှိနေပါကြောင်း မတ်ပဲစိုက်တောင်သူများထံမှ သိရှိရပါသည်။
တောင်တွင်းကြီးမြို့နယ်ရှိ ကျေးလက်နေတောင်သူများမှာ ဆောင်းသီးနှံအဖြစ် မတ်ပဲကို မိုးစပါးသီးနှံ ရိတ်သိမ်းပြီးအချိန် အောက်တိုဘာလနှင့်နိုဝင်ဘာလများတွင် စတင်ကြဲပက် စိုက်ပျိုးကြပြီး ယခုနှစ် ဆောင်း မတ်ပဲစိုက်ဧက (၅၂၄၅)စိုက်ပျိုးခဲ့ကြောင်း၊ ယခုအခါတွင် မတ်ပဲများ ရင့်မှည့်ပြီး ရိတ်သိမ်းကာ အခြောက်လှမ်း၍ စတင်ချွေလျက်ရှိကြောင်း၊ ရိတ်သိမ်းခအနေဖြင့် (၁)ဧက ကျပ်(၂၀၀၀၀)နှင့် ချွေလှေ့ခအနေဖြင့် မတ်ပဲ တစ်တင်းလျှင် ကျပ်(၃၀၀၀) ပေးငှားရပြီး အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် (၉)တင်းမှ (၁၂)တင်းအထိ ထွက်ရှိကြောင်းနှင့် ယခင်နှစ် မတ်ပဲ တစ်တင်းလျှင် ကျပ်(၅၀၀၀၀)နှင့် လက်ရှိကာလ မတ်ပဲတစ်တင်းလျှင် ကျပ်(၆၄၀၀၀) ရောင်းချရသည့်အတွက် မတ်ပဲစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)