မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် စပျစ်စိုက်ပျိုးခြင်းကို မြေအောက်ရေတူးဖော်စိုက်ပျိုးခဲ့ရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းနှင့် စပျစ်သီးစျေးကောင်းရ၍ အဆင်ပြေလျက်ရှိကြောင်း စပျစ်ခြံစိုက်ပျိုး တောင်သူတစ်ဦးထံမှ သိရပါသည်။
ယခုနှစ် စပျစ်စိုက်တောင်သူများအနေဖြင့် စပျစ်သီး (၁)ပိဿာကို ကျပ်(၈၀၀၀)စျေးအထိ ရောင်း ရပါကြောင်း၊ စိုက်ပျိုးသည့် မြေအနေအထားမှာ ယာမြေကို နွားချေး၊ မြေဩဇာတို့နှင့် ဦးစွာမြေပြုပြင်ခြင်း ဆောင်ရွက်ရပါကြောင်း၊ စပျစ်စိုက် တောင်သူများအနေဖြင့် စပျစ်စတင်စိုက်ပျိုးမည်ဆိုပါက စိုက်ပျိုး မြေပြုပြင်ခြင်း၊ ခြံစောင့်တဲအိမ်ဆောက်လုပ်ခြင်း၊ စပျစ်မျိုး ဝယ်ယူခြင်းတို့အတွက် ကနဦး ကုန်ကျစရိတ် သိန်း(၂၀)မှ သိန်း(၅၀) ဝန်းကျင်ကုန်ကျကြောင်း၊ စပျစ်ခြံ စိုက်ပျိုးမှု အောင်မြင်လာပါက တစ်နှစ်အတွင်း သိန်း(၃၀)မှ (၅၀) ဝန်းကျင်ခန့် ရရှိကြောင်း၊ နောက်နှစ်များတွင် မြေဩဇာကျွေးခြင်း၊ အပင်ပြုစုထိန်းသိမ်းခြင်းအတွက် (၁)ဧက သိန်း(၁၀)ဝန်းကျင် ကုန်ကျ၍ ဒုတိယနှစ်မှစ၍ အကျိုးအမြတ်(၁)ဧက သိန်း(၂၀)မှ သိန်း(၃၀)ကြားရ၍ အဆင်ပြေလာနိုင်ကြောင်း စပျစ်စိုက်တောင်သူဦးလှဌေးထံက သိရသည်။
မြို့သစ်မြို့နယ်တွင် စပျစ်စိုက်ပျိုးခြင်းကို မြေအောက်ရေတူးဖော်ကာ စမ်းသပ်စိုက်ပျိုးခဲ့ရာ အောင်မြင်ဖြစ်ထွန်းသဖြင့် စိုက်ပျိုးတောင်သူများသည် “ပဲ၊ ပြောင်း၊ စပါး၊ နှမ်း၊မြေပဲနှင့် နေကြာ” စိုက်ပျိုးခြင်းနှင့်အတူ စပျစ်စိုက်ပျိုးခြင်းကိုပါ တွဲဖက်၍ လုပ်ကိုင်လာပြီဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မကွေး)