သံပရာစိုက်တောင်သူများ ဈေးကောင်းရရှိနေ

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်အတွင်း ယခုနှစ်၌ သံပရာစိုက်တောင်သူများမှာ  ဈေးကောင်းရလျက်ရှိပါသည်။ ဇီးကုန်းမြို့နယ်တွင် သံပရာသီးသီးနှံအား နေရာအနှံ့စိုက်ပျိုးကြပြီး မယင်းအုပ်စု၊ မယင်းကျေးရွာတွင် ဧက (၅၀) ခန့်ဖြင့် အများဆုံးစိုက်ပျိုးလျက်ရှိပါသည် ။ လွန်ခဲ့သော နှစ်ပေါင်း (၄၀၀) ခန့်မှစတင်ကာ စီးပွားဖြစ်စိုက်ပျိုးနေသောခြံစိုက်တောင်သူများဖြစ်ပြီး ဝက်ကော်ချောင်းအား အမှီပြု၍ သံပရာခြံလုပ်ငန်း၊ မိရိုးဖလာခမောက်ချုပ်လုပ်ငန်း၊ ဒေသတွင်း ကိုယ်ပိုင်လုပ်ငန်းများဖြင့် မိသားစုဝင်ငွေပိုလျှံပြီး အဆင်ပြေနေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးရွာများသို့ ကွင်းဆင်းဟောပြောရာတွင် ဒေသခံတောင်သူများ၏ပြောကြားချက်အရ သိရှိရပါသည် ။

       တစ်ဧကလျှင် အပင် (၂၀၀-၃၀၀) ခန့်စိုက်ပျိုးနိုင်ပြီး ဒေသမျိုးများကိုသာစိုက်ပျိုးကြောင်း သိရှိရပါသည်။ သံပရာသီးကို ရန်ကုန်၊  ပြည်ဒိုင်များမှ ကျေးရွာအရောက် လာရောက်ဝယ်ယူကြပြီး နွေရာသီတွင် ခူးဆွတ်ကြကာ တစ်ဧကလျှင် တစ်ကြိမ်ခူးသည့်အလုံးရေ ငါးသောင်းခန့်နှင့် ၁လုံးလျှင် ရောင်းရငွေ (၃၀-၃၅) ကျပ်နှုန်းရရှိသောကြောင့် တစ်နှစ်ဝင်‌ငွေမှာ ၄၅သိန်းခန့်ရရှိကြောင်း၊ နွေရာသီရေတင်စရိတ်နှင့် မိုးရာသီအပင်သစ်စိုက်ပျိုးခ၊ ပေါင်းရှင်း၊ မြေသြဇာကျွေးခြင်းအတွက် နှစ်ပတ်လည်လုပ်သားခမှာ ၅သိန်းခန့်ကုန်ကျပြီး တစ်ဧကအကျိုးအမြတ်မှာ သိန်း ၄၀ခန့်ရရှိသဖြင့် တောင်သူများအကျိုးဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)